မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ ညက ပရီးမီးယားလိဂ် ပွဲမှာ ကာဆီမီရိုရဲ့ သွင်းဂိုးနဲ့အတူ အဝေးကွင်းမှာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့နောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတော်လေး သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
တချိန်တည်း ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးက ဗီလာကို ၁-၁ သရေကျခဲ့တာကြောင့် ယူနိုက်တက်ဟာ လက်ကျန် ၂ ပွဲအတွင်း သရေ ၁ မှတ်ရတာနဲ့တင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ပို သေချာသွားခဲ့တာပါ။
တန်ဟက် လက်ထက် ပထမဆုံး ဘောလုံးရာသီမှာ ကာရာဘောင်းဖလား အောင်မြင်ခဲ့သလို အက်ဖ်အေဖလားမှာ ဖိုင်နယ်ကို ရောက်ထားပါတယ်။ ဒါ့အပြင် အဆင့် ၄ နဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရင် ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုလို့ ဆိုရမှာပါ။
အဝေးကွင်း နိုင်ပွဲကောင်း ရခဲ့တဲ့ အပေါ် နည်းပြ တန်ဟက် က သူ့ ဝမ်းမြောက်စကားကို ပွဲအပြီးမှာ ခုလို ဖွင့်ဟခဲ့ပါတယ်။
” ဘုန်းမောက်က တန်းမဆင်းရဖို့ သေချာနေပြီဖြစ်လို့ ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အစကောင်းခဲ့ပြီး အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ စွမ်းဆောင်ရည်အတွက် သိပ်ပျော်မိပါတယ်။
ကာဆီမီရိုက သိပ်ကောင်းတဲ့ သွင်းဂိုး ရယူခဲ့တယ်။ အတော်ကောင်းတဲ့ အဆုံးသတ်ချက်ပါပဲ။ ၁-၀ ဆိုတဲ့ ရလဒ်မှာ ကျနော် စိုးရိမ်နေခဲ့မိပါတယ်။ အမှားတစ်ခုကနေ ဂိုး တစ်ဂိုး ခပ်လွယ်လွယ် ခွင့်ပြုရနိုင်တယ်လေ။ ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့ လိုခဲ့တာပါ။
ကျနော်တို့ Top 4 ထဲကို ရောက်လာနီးနီး ဖြစ်နေပါပြီ။ ကျနော်တို့ ရောက်ခါနီးနေပြီး လုံးဝကြီးတော့ မရောက်သေးဘူး။ ကျနော်တို့ တစ်ပွဲနိုင်ဖို့ပဲ လိုပါတယ် ” လို့ နည်းပြတန်ဟက်က ပွဲအပြီး ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင် တိုက်စစ်ပိုင်းကို ပိုမို အားစိုက်နိုင်ရေး တိုက်စစ်မှူးသစ် ခေါ်ယူသွားဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။