၂၀၂၂-၂၃ လက်ရှိ ဘောလုံးရာသီ အဆုံးသတ်ခါနီးချိန်မှာပဲ စူပါကွန်ပျူတာရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀ သင်း အတွက် ခန့်မှန်း တွက်ချက်မှု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Ladbrokes စူပါကွန်ပျူတာ ရဲ့ တွက်ချက်မှုမှာတော့ အသုံးစရိတ် ပေါင် သန်း ၆၀၀ အသုံးပြုထားတဲ့ ချယ်ဆီး အသင်းဟာ လာမယ့်ရာသီမှာလည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ရမယ့် စပါးကလည်း ထိပ်ဆုံး ၄ သင်းအတွင်း ဝင်နိုင်ဦးမှာ မဟုတ်ကြောင်း တွက်ချက်ခဲ့တယ်။

စူပါကွန်ပျူတာ ရဲ့ တွက်ချက်မှုအရဆိုရင် မန်စီးတီးကပဲ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအဖြစ် ၄ ကြိမ်ဆက် ချန်ပီယံဖြစ်လာဖို့ရှိကာ ၎င်းတို့ကို အဓိက စိန်ခေါ်မယ့် အသင်းအဖြစ် အာဆင်နယ်အသင်း ဆက်ရှိနေပါလိမ့်မယ်။

အာတီတာရဲ့ အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ စံချိန်တင် အသုံးစရိတ် ထုတ်သွားဖို့ ရှိပါတယ်။

ဒီရာသီ ဒဏ်ရာ ပြဿနာတွေ များစွာနဲ့အတူ ရုန်းကန်ရင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားမယ့် လီဗာပူးကတော့ လာမယ့် ရာသီမှာ ထိပ်ဆုံး အဆင့်တွေထံ ပြန်တက်လာပါလိမ့်မယ်။ ကလော့ပ်ရဲ့ လီဗာပူးဟာ အယ်လီဆန်၊ မေဆန်မောင့်နဲ့ ဂရာဗင်ဘက်ချ်တို့ကို ကွင်းလယ် ပြန်တည်ဆောက်ရေးအတွက် ချိန်ရွယ်ထားတာပါ။

တန်ဟက် လက်ထက် ဒုတိယမြောက် ဘောလုံးရာသီကို ကျော်ဖြတ်ရမယ့် ယူနိုက်တက်ကတော့ အဆင့် ၄ နေရာမှာ ဆက်ရှိနေမယ်လို့ စူပါကွန်ပျူတာ က ဖော်ပြခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ လူကြိုက်များ အသင်းတွေအဖြစ် ထွန်းတောက်လာတဲ့ နယူးကာဆယ်၊ ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ ဘရန့်ဖိုဒ့်တို့ကိုတော့ စပါးအသင်းနဲ့အတူ ထိပ်ဆုံး ၁၀ သင်း စာရင်းထဲ ဆက်လက် ပါဝင်ဦးမယ် တွက်ချက် သွားခဲ့ပါတယ်။