ဂယ်ရီနဗီးနဲ့ ဂျေမီကာရေဂါတို့ဟာ Monday Football Night မှာ ဒီရာသီအတွက် နောက်ဆုံး အပိုင်းထဲ ပရီးမီးယားလိဂ် နှစ်ကုန်ဆုတွေကို ရွေးချယ်ခဲ့ကြပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူး နောက်ခံလူဟောင်းတွေဟာ သူတို့ရဲ့ အကြိုက်ဆုံပွဲတွေကို ရွေးချယ်ပေးခဲ့သလို ကစားသမား၊ နည်းပြတွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရဲ့ သဘောထားကတော့ မကိုက်ညီနေခဲ့ပါဘူး။ သူတို့ရဲ့ ရွေးချယ်မှုတွေကို ကြည့်လိုက်ရအောင်..
အကောင်းဆုံးခေါ်ယူမှု
မော်ဂန် ဂစ်ဝှိုက် – ကာရေဂါ
ကာဆီမီရို – နဗီး
ကာရေဂါဟာ ကနဦးမှာ အကန်ဂျီကို ရွေးပြီးမှ စိတ်ပြောင်းသွားခဲ့တာပါ။ နဗီးကတော့ “ ကာဆီမီရိုသာ မရှိရင် မန်ယူနိုက်တက်ဟာ ထိပ်ဆုံးလေးနေရာနဲ့ နီးစပ်မှာတောင် မဟုတ်သလို ဒီလိုပြိုင်ပွဲတွေမှာ အခုလို လုပ်နိုင်မှာလည်း မဟုတ်ဘူးလို့ ထင်တယ်။ ဒီအသင်းပေါ်မှာ သူ့ရဲ့ အကျိုးသက်ရောက်မှု ၂၀-၃၀ ရာခိုင်နှုန်းလောက် ပိုကောင်းလာစေခဲ့တာပါ ”လို့ ပြောပြခဲ့ပါတယ်။
အကြီးမားဆုံး အံ့ဩဖွယ်
လီဆန်ဒရို မာတီနက် – ကာရေဂါ
ဘရိုက်တန် ၁-၅ အဲဗာတန် – နဗီး
ကာရေဂါဟာ ရာသီအစတုန်းက မာတီနက်စ်ကို သံသယရှိခဲ့တာဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖိ့ အရမ်းလူကောင်သေးလွန်းတယ်လို့ ပြောဆိုခဲ့ပေမယ့် အခုတော့ သူမှားပါတယ်လို့ တရားဝင် တောင်းပန်ခဲ့ပါတယ်။ နဗီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် စိန်ခေါ်နိုင်မယ့် အနေအထားမှာ ဘရိုက်တန်က တန်းဆင်းဇုန်နားက အဲဗာတန်ကို ဂိုးပြတ် ရှုံးခြင်းကို ရွေးချယ်ခဲ့ပါတယ်။
အကြိုက်ဆုံးပွဲ
လီဗာပူး ၇-၀ – ကာရေဂါ
ကမ္ဘာ့ဖလားဖိုင်နယ် – နဗီး
“ ဒါက လီဗာပူးအတွက် ညံ့ဖျင်းတဲ့ ရာသီတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲ့ပွဲကိုတော့ နောက် ၁၀နှစ်၊ အနှစ်၂၀အထိ ပြောနေကြဦးမှာပဲ။ သေချာတယ်။ ကိုယ့်ပြိုင်ဘက်ကြီးကို ၇-၀ နဲ့ အနိုင်ရဖို့ဆိုတာ မယုံနိုင်စရာ ကောင်းတယ်လေ။ မဟုတ်ဘူးလား။ ၇-၀ တဲ့လား။ ဘယ်လိုတွေတောင်လဲ။ ဒါတောင် လီဗာပူးက ကောင်းကောင်း ကစားနိုင်ခဲ့တာ မဟုတ်သေးဘူး” လို့ကာရေဂါက ပြောခဲ့တာပါ။
အကောင်းဆုံးအသင်း
ကာရေဂါ – အယ်လစ်ဆန်၊ ထရစ်ပီယာ၊ ဘော့မန်း၊ ဇင်ချန်ကို။ အိုဒီဂတ်၊ ရိုဒရီ၊ ဒီဘရိုင်း။ ဆာလာ၊ ကိန်း၊ ဟာလန်း
နဗီး – ပုပ်။ ထရစ်ပီယာ၊ ဆလီဘာ၊ ဒီယက်စ်၊ အီစတူပီနန်။ အိုဒီဂတ်၊ ရိုဒရီ၊ ဒီဘရိုင်း။ ဆာကာ၊ ဟာလန်း၊ မာတီနယ်လီ။