မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ အငှား ခေါ်ထားခဲ့တဲ့ ကွင်းလယ် ကစားသမား ဆာဘစ်ဇာ ကို ခေါ်ယူလိုနေပြီး ၎င်းရဲ့ မိခင်ကလပ် ဘိုင်ယန်မြူးနစ်ကတော့ ဈေးသတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က သြစတြီးယား ကွင်းလယ် သမား အတွက် ပေါင် ၂၂ သန်း ရရင် ရောင်းချမယ် လို့ သတ်မှတ်လိုက်တာပါ။

ယူနိုက်တက်ဟာ အဲရစ်ဆန် ၂လလောက် နားရမယ့် ဒဏ်ရာ ရသွားတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက အပြောင်းအရွှေ့ ပိတ်ရက်မှ ဆာဘစ်ဇာ ကို အငှား နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အငှား ကစားတဲ့ ကာလအတွင်း သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ဂိုးအတွက် အမြင်ရှိတာတွေက အထင်ကြီးဖွယ် ရှိခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက်မှာ ဆက် နေလိုကြောင်း သူ့ ဆန္ဒကို ထုတ်ဖော် ပြောဆိုထားပါတယ်။

အဲရစ် တန်ဟက် ကလည်း ၂၀၂၂ ထဲမှာ အသုံးစရိတ် ပေါင် သန်း ၂၂ဝ ထိ သုံးထားတာကြောင့် ဒီနွေ အသုံးစရိတ်က အကန့်အသတ် ရှိနေပါတယ်။ ကွင်းလယ် အားဖြည့်သင့်ပေမယ့် နည်းပြရဲ့ ဦးစားပေးကလည်း ဟယ်ရီကိန်း လို ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူဖို့ ဖြစ်နေတာပါ။

ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဆာဘစ်ဇာ ကို ယူနိုက်တက် က ခေါ်ချင်ရင် ပေါင် ၂၂ သန်း လောက်နဲ့ ရနိုင်ကြောင်း လမ်းစ ပေါ်လာခဲ့ပါတယ်။ ဒါဟာ ဘတ်ဂျက် အကန့်သတ် ဖြစ်နေတဲ့ နည်းပြ တန်ဟက် အတွက်တော့ က,ပြီးတောင် ထ ဝယ်မယ့် ဈေးမျိုးလည်း ဖြစ်ပါတယ်။