မန်စီးတီး အသင်း အခုလို လျှမ်းလျှမ်းတောက် အောင်မြင်နေတာက ငွေသေချာသုံးပြီး ထိပ်တန်း အဆင့် ကစားသမားကောင်းတွေ ခေါ်နိုင်တာကြောင့် ဖြစ်သလို ဒီလို ကစားသမားတွေကို ကောင်းစွာ ထိန်းကျောင်း ပဲ့ကိုင်ပေးနေတဲ့ ဂွာဒီယိုလာက အရေးပါဆုံး ဖြစ်တယ်လို့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတွေက ယုံကြည်နေပါတယ်။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ရက်နက် က “ ဂွာဒီယိုလာက အကောင်းဆုံး ကစားသမားတွေနဲ့ တွဲလုပ်နေရတာ မှန်ပေမယ့် အဲ့လို ကစားသမားတွေနဲ့ သူတို့ရဲ့ အတ္တ မာနတွေကို ထိန်းသိမ်းပဲ့ကိုင်ရတာ မလွယ်ပါဘူး။ သူက ကစားသမားတွေကို စိန်ခေါ်ရတာ ကြိုက်တယ်။ သူတို့တွေကို အမြဲ ပြင်းပြအောင်လုပ်ပေးနေတယ်။

ဂွာဒီယိုလာ ကို ကြည့်လိုက်ရင် အမြဲတမ်း အင်အားအပြည့်နဲ့ တက်ကြွနေတာပဲ။ အရေးပါတဲ့ ကစားသမားတွေ အကြောင်း ကျွန်တော်တို့ ပြောကြပေမယ့် မန်စီးတီးမှာ ဂွာဒီယိုလာက အရေးအပါဆုံးပဲလို့ ကျွန်တော်ထင်တယ် ” လို့ သုံးသပ်စကား ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာရဲ့ စိတ်အားထက်သန်မှု အရေးပါပုံကို သရဲနီဟောင်း ရွိုင်ကိန်းကလည်း ထောက်ပြခဲ့ပါတယ်။

“ ဒါက လွန်ခဲ့တဲ့နှစ်တွေအတွင်း ပက် လုပ်ခဲ့တဲ့ စိန်ခေါ်မှုပဲ။ စီးတီးရဲ့ လူသစ် ခေါ်ယူမှုတွေက သိပ်ကောင်းခဲ့ပေမယ့် ကစားသမားတွေကို သူပဲ့ကိုင်ခဲ့တဲ့ နည်းလမ်းကလည်း အရေးကြီးတယ်။ သူက အသင်းသားတွေကို စိတ်ဓာတ် ပြင်းပြအောင် လုပ်ထားခဲ့တာ။

ရာသီအစောပိုင်းမှာ ကစားသမား အတော်များများကို သူစိတ်ပျက်နေခဲ့တာ တွေ့ခဲ့ရတယ်။ ဒီဘရိုင်း၊ ဝေါ်ကာ၊ စတုန်း တို့ပေါ့။ ကန်ဆယ်လိုကို သူ ဖယ်ရှားပြီး ဂျေးဆုကို ထုတ်လိုက်တယ်။ အသင်းလူစာရင်းက အရမ်းနည်းလွန်းတယ်လို့ လူတွေက ပြောခဲ့ကြတယ်။ ဒါပေမယ့် သူက သူ ဘာလုပ်နေတယ်ဆိုတာ သူသိတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ သူလုပ်သွားခဲ့တာ။

သူ့ရဲ့ အပြုအမှုက ဆက်ပြီး အနိုင်ရစေမယ့် လက္ခဏာတစ်ခုပဲ။ သူလုပ်နေတာတွေ၊ သူ့ရဲ့ကစားပုံ၊ သူ့ရဲ့ ဆာလောင်မှုတွေ။ အခု ၃ ကြိမ်ဆက် ဖလားရတာတောင် သူပျော်နေပုံက ပထမဆုံး ဖလားရနေသလိုပဲ။ အံ့ဩစရာ ကောင်းပါတယ် ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။