ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်ကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းလာပြီး နောက်ပိုင်း အထင်ကြီးစရာ လုပ်ပြနိုင်ခြင်း မရှိတဲ့နောက် မန်ချက်စတာ ယူနိုက်တက်မှာ သက်ဆိုးမရှည်နိုင်တော့ဘူးလို့ သရဲနီဟောင်း ဒွိုက်ယော့ခ်က သတိပေးခဲ့ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ဒုတိယရာသီ ကုန်တော့မှာဖြစ်ပြီး ဝေဖန်မှုတွေကို ပိတ်သွားအောင်လုပ်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယော့ခ်ဟာ ဆန်ချို ပြောင်းလာကတည်းက သဘောမကျခဲ့တာမို့ လက်ရှိ အခြေအနေတွေကို မြန်မြန် မပြောင်းလဲနိုင်ရင် ကလပ်က ထွက်သွားရမယ်လို့ ယုံကြည်နေတာပါ။

“ ဒါက တကယ်ကို ထူးဆန်းတဲ့ကိစ္စပဲ။ သူ့မှာ အလားအလာတွေ အများကြီး ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် မျှော်လင့်ချက် ဖြစ်ခဲ့တာ။ ဒေါ့မွန်မှာ သူက အံ့ဩစရာကောင်းအောင် လုပ်ပြခဲ့လို့ ကလပ်ဘက်က အများကြီး ရင်းနှီးမြုပ်နှံခဲ့တာပါ။

ဒေါ့မွန်ကနေ မန်ချက်စတာကို ပြောင်းလာတာက ဘယ်လိုဖြစ်မှန်း မသိဘဲ မျှော်လင့်ထားသလို အလုပ်မဖြစ်ခဲ့ဘူး။ တကယ်ကို ရုန်းကန်ခဲ့ရတယ်။ သူက ပြောင်းရွှေ့ကြေးနဲ့ မထိုက်တန်ခဲ့ပါဘူး။ သူ ယူနိုက်တက်မှာ သက်ဆိုး မရှည်နိုင်တော့ဘူးလို့ ထင်မိတယ်။ သူ့ကို မျှော်လင့်ထားသလောက် ဘာမှ မလုပ်ပြနိုင်ခဲ့ဘူး ” လို့ ယော့ခ်က ဆိုပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာ ၂၄ ပွဲအတွင်း ၅ဂိုးသာ သွင်းယူခဲ့ပြီး ဒေါ့မွန်မှာတုန်းကလို အထင်ကြီးစရာ ကိန်းဂဏန်းတွေ ရဖို့နဲ့ အလှမ်းကွာနေခဲ့တာပါ။ ပြိုင်ဘက်တွေကို တိုက်စစ်ဆင်ဖို့ ဆန်ချိုရဲ့ တွန့်ဆုတ်နေမှုဟာလည်း ထောက်ပြစရာ ဖြစ်လာခဲ့တယ်။

“ ဆန်ချိုက ဘောလုံးရရင် အနောက်ပဲပြန်ပေးတယ်။ ကျွန်တော်သာ လုခ်ရှောသာဆိုရင် ‘ငါ့ဆီ ပြန်ပေးနေတာ ရပ်လိုက်တော့.. ငါကမင်းကို ဘောလုံးပေးနေတာလေ.. အဲ့တော့ တခြားတယောက်ဆီ ထပ်ပေးလိုက်ကွာ’ လို့ ပြောမိလိမ့်မယ်။

သူ့ရဲ့ ယုံကြည်မှုတွေ ကျဆင်းနေတယ်။ ဆန်ချိုက တိုက်စစ်အတွက် ဘာမှမကူပေးနိုင်ပါဘူး။ သူ့ကို ဘယ်နှကြိမ်လောက် သုံးရဦးမလဲ။ ဆန်ချို ကစားပုံနဲ့ဆို မန်ချက်စတာ ယူနိုက်တက်အတွက် ဘယ်နှပွဲများ ကစားခွင့်ရနိုင်မှာလဲ ” လို့ ယော့ခ်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။