ကြာသပတေးနေ့ညက အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ကာဆီမီရို၊ မာရှယ်၊ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ ဂိုးသွင်းနိုင်တာနဲ့ အတူ ၄-၁ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အနီးကပ် ပြိုင်ဘက် လီဗာပူးကို နောက်ဆုံး ပွဲစဉ် မတိုင်ခင်မှာပဲ ချန်ပီယံလိဂ် မျှော်လင့်ချက် ရိုက်ချကာ ဖြုတ်ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သမိုင်း တစ်လျှောက် အကြီးမားဆုံး ပြိုင်ဘက်အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အနီးကပ် ရိုက်ချနိုင်ခြင်းဟာ ယူနိက်တက် ပရိသတ်တွေကို ပီတိတွေ ဖြစ်စေမှာကို ဖာနန်ဒက်စ်က သဘောပေါက်နေပြီး ခုလို ဖွင့်ဟခဲ့ပါတယ်။

‘ ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာ ကျနော်တို့ ပရိသတ်တွေအတွက် အများကြီး အဓိပ္ပာယ်ရှိတာ သိပါတယ်။ ဒါက ကျနော်တို့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ လီဗာပူးအသင်း ချန်ပီယံလိဂ် မဝင်တာအတွက် ကျနော်တို့ ပရိသတ်တွေ ပျော်နေကြမယ်ဆိုတာ သိပါတယ်။ ကျနော်တို့အတွက်ကတော့ ကိုယ့်ဘာသာ အကောင်းဆုံး လုပ်ဖို့ပါပဲ။

ပရိသတ်တွေက ကျနော်တို့အတွက် သိပ်ကောင်းပါတယ်။ အိမ်ကွင်းမှာ ပွဲတွေ အများကြီးကို အနိုင်ရခဲ့တယ်။ သူတို့က ကျနော်တို့အတွက် ကောင်းမွန်တဲ့ အားပေးမှုတွေ ဖန်တီးပေးပါတယ်။ ကျနော်တို့အတွက် သိပ်အရေးကြီးပြီး သူတို့ရဲ့ ပါဝင်မှုတွေအပေါ် တကယ်ကို အသိအမှတ် ပြုပါတယ်။ ‘ လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ညက နိုင်ပွဲ အပြီးမှာ ယူနိုက်တက်က ရမှတ် ၇၂ မှတ်နဲ့ အဆင့် ၃၊ နယူးကာဆယ်က ရမှတ် ၇၀ နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်သွားပါတယ်။

လီဗာပူးအသင်းကတော့ ပွဲစဉ် ၃၈၊ ဆောက်သမ်တန်နဲ့ ပွဲမှာ ဘယ်လို ရလဒ် ထွက်သည် ဖြစ်ပါစေ လက်ရှိ ရမှတ်က ၆၆ မှတ်ပဲ ရှိတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မရတာ သေချာသွားခဲ့ပါတယ်။