ဒီနွေမှာတော့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အသင်းတိုင်းက ခေါ်ယူလိုတဲ့ ကစားသမား စာရင်းမှာ ထိပ်ဆုံးက ပါဝင်လာပြီး လတ်တလောမှာတော့ အာဆင်နယ် အင်္ဂလန်သားကို ခေါ်ယူနိုင်မယ် ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ လန်ဒန်မှာပဲ ဆက်နေလိုတာကြောင့် အမ်းမရိတ်ကို ရောက်ရှိမယ် ခန့်မှန်း ထားကြတာပါ။ ဒါပေမယ့် အာဆင်နယ်ဘက်က သူ့အတွက် ကမ်းလှမ်းမယ့် ပမာဏဟာ ဝက်စ်ဟမ်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးထက် ၁၀ သန်း ပိုနည်းတဲ့ ပေါင် သန်း ၉၀ ဝန်းကျင် ရှိပါတယ်။

ကွင်းလယ်လူသစ် ရှာဦးမယ့် ယူနိုက်တက်ကလည်း ရိုက်စ်ကို ခေါ်ယူနိုင်တာဖြစ်ပြီး တကယ်တမ်း အပြိုင်အဆိုင် ချိတ်ဆက်ကြရင် ဝက်စ်ဟမ်းဘက်က အမြင်က အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း ဂန်းနားဟောင်း ရေးပါလာက သတိပေးသွားပါတယ်။

‘ ရိုက်စ်ကို ကလပ်တွေ အများကြီး စိတ်ဝင်စားကြပါတယ်။ သူက ဘယ်အသင်းကို ပြောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကြီးကို ချရတော့မှာပါ။ လန်ဒန်မှာပဲ ဆက်နေလိုရင်တော့ အာဆင်နယ်က သူ့အတွက် ကောင်းမွန်တဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကလည်း အသင်းကြီး တစ်သင်းပါ။ သူတို့ကလည်း ရိုက်စ်ကို ခေါ်ယူလိုနေတာပါ။ ဝက်စ်ဟမ်းဘက်က အမြင်အရ ကြည့်မယ်ဆိုရင်တော့ အာဆင်နယ်ထက် မန်ချက်စတာ ကလပ်ကို ပေးပြောင်းလိုက်တာ ပိုကောင်းနေမှာပါ။

စားပွဲဝိုင်းမှာ ညိနှိုင်းမှုကလည်း အရေးပါပါတယ်။ မန်ယူနိုက်တက်က ဒီကလန်ရိုက်စ်အတွက် အာဆင်နယ် ပေးတဲ့ ပမာဏထက် ပိုပေးနိုင်ပါတယ်။ သူတို့က အလိုရှိတဲ့ ကစားသမားတွေကို ဈေးပိုပေးလေ့ရှိပါတယ်။ အပြိုင်အဆိုင် ခေါ်ယူပြီဆိုရင် အာဆင်နယ်မှာက ကစားသမား တစ်ယောက်အတွက် အမြင့်ဆုံး သတ်မှတ်ထားတဲ့ ကြေးတစ်ရပ် ရှိပါတယ်။

အကယ်လို့ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ထက် ပေါင် သန်း ၂၀ လောက် ပိုပေးလိုက်ရင် ရိုက်စ်ကို ခေါ်ယူရေးမှာ သူတို့နဲ့ ယှဉ်လုနိုင်တော့မှာ မဟုတ်ပါဘူး ’ လို့ ရေးပါလာက ရှင်းပြသွားတာ ဖြစ်ပါတယ်။