မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ကြားရက်ကပွဲမှာ သူ ချယ်ဆီး ကစားသမားတွေနဲ့ တွန်းထိုးမှု ဖြစ်ခဲ့ခြင်းဟာ ကိစ္စကြီး မဟုတ်ပါကြောင်း ဖြေရှင်းပေးသွားပါတယ်။

နည်းပြတန်ဟက်ရဲ့ အသင်းက အိုးထရတ်ဖိုဒ့်မှာ ၄-၁ ရလဒ်ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီက တစ်ဆင့် သူ့ရဲ့ ဒီရာသီ ၁၂ ဂိုးမြောက်နဲ့ ပွဲစဉ်ရဲ့ ၃ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့ပါတယ်။

ဂိုးသွင်းအပြီး ပေါ်တူဂီသားက အေးအေးဆေးဆေး အမူအယာဖြင့် လမ်းလျှောက်ကာ နားကို လက်နဲ့ အုပ်ထားတဲ့ အမူအယာဖြင့် အောင်ပွဲခံခဲ့တယ်။ သူ့ရဲ့ အပြုအမှုကို သဘောမကျလို့ စောဒကတက်ဖို့ ရောက်လာတဲ့ ချယ်ဆီး ကွင်းလယ်လူ အန်ဇိုက ယူနိုက်တက် အသင်းသား အချို့နဲ့ တွန်းထိုးခဲ့တာပါ။

ဖရတ်က အန်ဇိုကို စိတ်ဆိုးဆိုးနဲ့ တွန်းထုတ်ခဲ့ကာ အပြန်အလှန် ထိတွေ့မှုအတွင်း ဆန်ချိုလည်း ပါဝင်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ လူစုလိုက်ခွဲခဲ့ပြီး အဲ့နောက်မှာ ချယ်ဆီး အသင်းခေါင်းဆောင် ကွီတာက စကားနည်းနည်း ဝင်ပြောနေခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးကစားသမားတွေ ဒေါသထွက်ရတဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်ကတော့ သိပ်ပြီး အရေးမကြီးတဲ့ ကိစ္စအဖြစ် တုန့်ပြန်ပါတယ်။

စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က ‘ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကျနော်က ကိုယ့်ရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံနေတာပါ။ ကျနော် ဂိုးမရတာအတွက် အနည်းငယ် စိတ်ပျက်နေခဲ့တာပါ။ အခွင့်အရေးကြီး ရပေမယ့် လွဲခဲ့တယ်၊ ဒါကြောင့် ကျနော် စိတ်ပျက်နေတယ်။ ဒါလောက်ပါပဲ။ ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ရဲ့ အသင်းဟာ ရာသီသိမ်းပွဲ မတိုင်ခင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ကာ ဇွန်လ ထဲမှာတော့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။