မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေက ဂျေးဆုနဲ့ ဇင်ချန်ကို တို့နှစ်ဦးကို ခေါ်ယူပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပခုံးချင်း ယှဉ်လာခဲ့တဲ့ အာဆင်နယ် အား ဒီအပြောင်းအရွှေ့မှာတော့ ပညာပေးတော့မှာပါ။

အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်ထံ အငှားချထားတဲ့ မန်စီးတီး အစွန်လူ ကန်ဆယ်လိုကို ခေါ်ယူလိုနေပြီး မန်စီးတီးကတော့ ဒီတခါ ဂန်းနားတွေကို နှပ်ချဖို့ ပလန်ထားပြီ ဖြစ်ပါတယ်။

ကန်ဆယ်လို ကို မန်စီးတီးက ပေါင် ၆၃ သန်း ဈေးသတ်မှတ်ခဲ့ပေမယ့် အာဆင်နယ် မဟုတ်တဲ့ အသင်း တစ်သင်းသင်းထံ တဝက်ဈေးနဲ့ ရောင်းချဖို့ ကြံရွယ်လာပါတယ်။

အသက် ၂၉ နှစ်အရွယ် အစွန်လူကို ဘိုင်ယန်မြူးနစ်က အပြီးသတ် ခေါ်ယူလိုခြင်း မရှိပေမယ့်လို့ အာဆင်နယ်ကတော့ အလိုရှိနေတာပါ။ အာဆင်နယ် နည်းပြ အာတီတာက မန်စီးတီးမှာ သူ အလုပ်တွဲလုပ်ဖူးတဲ့ ကန်ဆယ်လိုကို အတော်လေး အထင်ကြီး သဘောကျနေပါတယ်။

အာဆင်နယ်က ဒီနွေမှာ တီယာနေးကို ရောင်းချပြီး နောက်ထပ် အစွန်လူ တစ်ဦး ထပ်ခေါ်ယူဖို့ စဉ်းစားနေတာပါ။ ဒါပေမယ့် အာဆင်နယ်တို့ ကန်ဆယ်လိုအတွက် အမှန်တကယ် ချိတ်ဆက်မယ်ဆိုရင် မန်စီးတီးဘက်က လိုလားခြင်း မရှိမှာကိုလည်း အမ်းမရိတ် တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။

မန်စီးတီးဟာ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ထွက်ခွင့်ပေးမှာ ဖြစ်ပေမယ့် ပြည်တွင်းထိပ်တန်း ပြိုင်ဘက်တွေထံ ရောင်းထုတ်ဖို့ကိုတော့ ယခင်ကထက် ပိုပြီး တင်းကြပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေက ဂျေးဆု၊ ဇင်ချန်ကို၊ စတာလင် တို့ကို ပြိုင်ဘက်အသင်းကြီးတွေထံ အသာတကြည် ရောင်းခဲ့ပေမယ့် အာဆင်နယ်ရဲ့ ဒီရာသီ ခြိမ်းခြောက်လာမှုက မန်ချက်စတာကလပ်ကို သတိကြီး ထားစရာ ဖြစ်သွားခဲ့ပါတယ်။

မန်စီးတီးဘက်က ကန်ဆယ်လို အသင်းပြောင်းနိုင်ဖို့ ကလပ်ရှာဖွေသွားမှာဖြစ်ပြီး လာလီဂါကလပ် ဘာစီလိုနာထံ ထက်ဝက်ဈေး ပေါင် ၃၄ သန်းနဲ့ ထွက်ခွင့်ပေးဖို့ စီစဉ်လာပါတယ်။ စီးတီးမှာ ၂၀၂၇ ထိ စာချုပ်ရှိထားပေမယ့် ကန်ဆယ်လိုဟာ ဂွာဒီယိုလာရဲ့ မျက်နှာသာ ပေးခံရမှု ဆုံးရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ကိုယ်တိုင်ကလည်း အစွန်နေရာမှာ သုံးနေတဲ့ ခံစစ်မှူး ကွန်ဒယ်ကို ဒီနွေမှာ ထွက်ခွင့်ပေးရမှာမို့ အစားထိုးစရာ ကစားသမားသစ် ရှာဖွေနေပါတယ်။