ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ပွဲစဉ် ၃၈ ကတော့ ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားကာ ဘယ် အသင်းတွေ တန်းဆင်းမလဲ စောင့်ကြည့်ရမှာပါ။

ဆောက်သမ်တန်အသင်း တန်းဆင်းသွားဖို့ သေချာခဲ့ပြီဖြစ်ကာ အဲဗာတန်၊ လက်စတာ၊ လိဒ်စ်ယူနိုက်တက်တို့ထဲက ၂ သင်း ကလည်း အတူ ချန်ပီယံရှစ်ထံ ရောက်ရှိသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့်လို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ထံ တန်းတက်လာမယ့် ကလပ် ၃ သင်းကတော့ ဒီ မနက်ကပဲ သေချာသွားခဲ့ပါပြီ။

ဘန်လေအသင်းက ချန်ပီယံရှစ်ကို အနိုင်ရကာ အမှတ်ပေးချန်ပီယံတွေအဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်လာပါမယ်။ ၎င်းတို့ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံရှစ်ကို တန်းဆင်းသွားပြီး ၁ ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေဟာ ချန်ပီယံရှစ်မှာ တိုက်စစ်သွင်းဂိုး ၈၇ ဂိုး ရယူထားပြီး ခံစစ်ပေးဂိုး ၃၅ ဂိုးပဲ ရှိတာနဲ့အတူ အတော်လေး စွမ်းဆောင်ရည်ကောင်းတဲ့အသင်း အဖြစ် နာမည်ကြီးနေပါတယ်။

ဒုတိယနေရာက ရာသီသိမ်းခဲ့တဲ့ ရှက်ဖီး ယူနိုက်တက်ကလည်း တန်းဆင်းပြီး ၂ ရာသီ အကြာမှာတော့ အင်္ဂလန်ရဲ့ အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲထံ ပြန်ရောက်လာပါတော့မယ်။ ဘန်လေလောက် အားမကောင်းတဲ့ ရှက်ဖီးဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ ရှင်သန်ဖို့အတွက် အားဖြည့်မှုတွေ လုပ်ရမှာပါ။

မနက်က ချန်ပီယံရှစ် playoff ဖိုင်နယ်မှာတော့ လူတန်တောင်း အသင်းက ကိုဗန်ထရီအသင်းကို ပင်နယ်တီမှာ အနိုင်ရပြီး ပရီးမီးယားလိဂ်ထံ ရောက်ရှိလာပါပြီ။

ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအကြိမ် လူတန်တောင်းတို့ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အသင်းဟာ အတော်လေး အင်အားနည်းပါးပြီး ခက်ခဲတဲ့ ဘောလုံးရာသီရှည် တစ်ခုကို ကျော်ဖြတ်ရတော့မှာပါ။

ဆီမီးဖိုင်နယ် ဆန်းဒါးလန်းလို အသင်းကို ဖြုတ်ချခဲ့သလို ကိုဗန်ထရီကိုလည်း အောင်နိုင်ခဲ့တဲ့ လူတန်တောင်ဟာ မာကျောတဲ့ စိတ်ဓါတ်ပိုင်းရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။