ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် က အဆင့် ၂၊ မန်ချက်စတာ ယူနိုက်တက် က အဆင့် ၃ ရခဲ့ကြပြီး နှစ်သင်းလုံး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ကြပေမယ့် ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ပြီး အက်ဖ်အေ ဖိုင်နယ် နက်ထားတဲ့ မန်ယူအသင်းက ပိုအောင်မြင်ခဲ့တယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ပြောဆိုလာပါတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ၂၄၇ ရက်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဖလားကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခြင်းနဲ့အတူ လွဲချော်ခဲ့တာပါ။

နည်းပြ တန်ဟက် လက်အောက် ယူနိုက်တက်ကတော့ Top 4 အဆင့်ဝင် အသင်းအဖြစ် ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သလို ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အက်ဖ်အေဖလားမှာလည်း ဖိုင်နယ်ကို ရောက်နေပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီရာသီ ကလပ်နှစ်သင်းကြား အောင်မြင်မှုနဲ့ ပတ်သက်လို့ ဖာဒီနန်က ပြောရာမှာ ချန်ပီယံလိဂ် ဝင်တာချင်းတူတူ ဆုဖလားလေး ပိုက်ရတော့ ပိုကောင်းတာပေါ့လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

‘ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ထက် ပိုကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့လား? ခင်ဗျားက ကစားသမားတစ်ယောက်ဆိုရင် အဆင့် ၄ နေရာကနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်၊ ဆုဖလားတစ်လုံး အနိုင်ရမယ်ပေါ့၊ ဘာဆုဖလားပဲဖြစ်ဖြစ်ပါ။

ဒါမှမဟုတ် တတိယနေရာ ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်၊ ဆုဖလား တစ်လုံး အောင်မြင်မယ်ပေါ့၊ ဒါမှမဟုတ် ဒုတိယနေရာကနေ အမှတ်ပေးဖလား စိန်ခေါ်မှုကို ပါဝင်နိုင်ပြီး ဘာဆုဖလားမှ မရဘူးပေါ့?

ကျနော်ဆိုရင်တော့ ဘယ်အဆင့်မှာပဲ ရှိနေပါစေ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်၊ ဆုဖလားတစ်လုံးပါရမယ် ဆိုရင် အဲ့ဒါကို ပိုကောင်းတဲ့ ဘောလုံးရာသီအဖြစ် ကျေနပ်မှာပဲ။ လက်ခံလိုက်မှာပါပဲ။

အာဆင်နယ်နဲ့ အာတီတာတို့က အကောင်းဆုံး လုက်နိုင်ခဲ့ပြီး မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ရာသီမှာ သူတို့ အဲ့လို စိန်ခေါ်နိုင်ဦးမလားဆိုတာ နောက်ထပ် အကျယ်တဝန်း ဆွေးနွေးရဦးမှာပါ ’ လို့ ဖာဒီနန်က ဆိုခဲ့တာ ဖြစ်ပါတယ်။