ဒီရာသီ ပရီးမီးယားလိဂ် ဖလားနဲ့ အနီးစပ်ဆုံး ရောက်ခဲ့ပြီးမှ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ မနေ့က ရာသီ နောက်ဆုံးပွဲစဉ်မှာတော့ ဝုဗ်ကို ၅-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။

ဂန်းနားတို့ ဘယ်လိုပဲ ဂိုးတွေ သွင်းသွင်း ၂၀၂၂-၂၃ ဘောလုံးရာသီကတော့ အဆင့် ၂ နဲ့ပဲ ရာသီသိမ်းခဲ့ရပါပြီ။ အာဆင်နယ် နည်းပြ အာတီတာကတော့ ဝုဗ်နဲ့ ပွဲ အပြီးမှာ သူ့အသင်းဟာ အဓိက ပစ်မှတ်ကို ထိခဲ့ပေမယ့် လုံလောက်မှု မရှိခဲ့ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

” ကျနေ်ာတို့က အသင်းကို ချန်ပီယံလိဂ်ဆီ ပြန် ခေါ်ဆောင်ပေးချင်ခဲ့တာပါ။ ဒါကပဲ အဓိက ပစ်မှတ် ရည်မှန်းချက် ဖြစ်ခဲ့ပါတယ်။ ဒါကိုက ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ခဲ့ပြီးပြီ။

အထူးသဖြင့် နွေတည်းက စလို့ အဓိက ကစားသမားတွေ ထိန်းတာ၊ သေချာတဲ့ ကိစ္စတွေ လုပ်ဆောင်ခဲ့တာ။ နောက်ပြီး ဒီရာသီ ခရီးစဉ်ကြီးကို တစ်ရက်ပြီး တစ်ရက် ကျော်ဖြတ်ခဲ့တာပါ။

ကျနော်တို့က အသင်းလိုက် မှန်ကန်တဲ့ လမ်းကြောင်း ပေါ် သွားနေတာ၊ စိတ်ဝိဉာဉ်၊ စွမ်းအားက ကောင်းပါတယ်။ အသင်းက ၂ပွဲ၊ ၃ ပွဲလောက် နိုင်လိုက်တာနဲ့ ယုံကြည်မှု တချို့က ထွက်လာပါတယ်။

ကျနော်တို့ ဒီအဆင့်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ အစက ဘယ်ထင်ခဲ့မှာလဲ။ ရခဲ့တဲ့ ရမှတ်နဲ့ နိုင်ပွဲတွေကို ကြည့်မယ် ဆိုရင် အသင်း သမိုင်းမှာ တတိယမြောက် အကောင်းဆုံး မှတ်တမ်း ဖြစ်ခဲ့တယ်ဗျာ။

ဒါက အများကြီး တာသွားတယ်။ ဒါပေမယ့် ဒါက ဖလား ရဖို့ မလုံလောက်ခဲ့ဘူး။ ဒီမှာက ဘယ်လယ်ဗယ်ထိ ရှိသလဲ ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တကယ့်ကောင်တွေဆိုတာ ပြချင်တယ်။ အခု ရထားတဲ့ အဆင့်နဲ့ချည်း ပျော်ရွှင်နေစရာ မလိုဘူး။ နောက်ရာသီမှာ အများကြီး ပို ပို ကောင်းလာအောင် လုပ်ပြရဦးမယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။