မန်ချက်စတာ ယူနိုက်တက်မှာ တိုက်စစ်မှုးတွေ အဆုံးသတ်ပိုင်း လိုအပ်ချက်ကြောင့် ပွဲ ရလဒ် ထိခိုက်တာတွေ ကြုံခဲ့ပေမယ့် နည်းပြ တန်ဟက်ကတော့ သူ့မှာ တစ်ရာသီ ဂိုး ၄ဝ လောက် သွင်းမယ့် တိုက်စစ်မှုး ရှိတယ်လို့ အခိုင်အမာ ဆိုလာပါတယ်။

တန်ဟက်က လာမယ့်ရာသီမှာ သိပ်ကို ကြောက်စရာကောင်းတဲ့ ဂိုးသွင်းနှုန်းနဲ့ ရက်ဖိုဒ့်ကို ဆက်မြင်နိုင်ရေး တွန်းအားပေးဖို့ ရည်ရွယ်ချက် ရှိနေပါတယ်။

ရက်ဖိုဒ့်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် သွင်းဂိုး ၃၀ သွင်းယူထားပါပြီ။ တစ်ရာသီအတွင်း ယူနိုက်တက် အတွက် သွင်းဂိုး ဒီလောက်ရယူခဲ့ဖူးတဲ့ နောက်ဆုံး တိုက်စစ်မှူးက ဗန်ပါစီပဲ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပိုပို တိုးတက်လာနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ရက်ဖိုဒ့် သွင်းဂိုး ၄၀ သွင်းယူနိုင်မယ်လို့ တန်ဟက်က ယုံကြည်နေပါတယ်။

‘ ကျနော်ကတော့ ရက်ဖိုဒ့် ဂိုးတွေ အများကြီး သွင်းနိုင်မယ် ထင်ပါတယ်။ ပွဲတွေမှာ သူအများကြီး တိုးတက်လာဖို့ ရှိပါတယ်။ သူဂိုးတွေ ပိုရနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ၁၀ ပွဲမှာ သူဂိုးတွေ အများကြီး မသွင်းထားဘူး။ ကျနော် ထင်တယ် ၂-၃ ဂိုးလောက်ပဲ ထင်တယ်။ ဒီတော့ သူအများကြီး တိုးတက်လာနိုင်ပါတယ်။ မနှစ်က ရာသီကနေ လက်တလောထိ သူ့ရဲ့ ကိုယ်ဘာသာ ပြန်ရှာဖွေနိုင်မှုကို ကျနော် ပျော်မိပါတယ်။

ကျနော်တို့တွေက တတ်နိုင်သလောက် သူ့ကို ထောက်ပံ့ပေးသွားမှာပါ။ သူ့ရဲ့ ကစားဟန်နဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အကူညီပေးဖို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ သူ့အတွက် ပျော်ရွှင်နေပေမယ့် ပိုပြီးလည်း တွန်းအားပေးဖို့တော့ လိုနေပါတယ်။

တစ်ရာသီအတွင်း သူ သွင်းဂိုး ၄၀ လောက် ရမယ်လို့ ကျနော် မှန်းထားတယ်။ အဲ့ဒါကတော့ သူ့အတွက် နောက်ခြေလှမ်းပဲ ဖြစ်လာပါလိမ့်မယ် ‘ လို့ ယူနိုက်တက် နည်းပြက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၃၇ ပွဲမှာ သွင်းဂိုး ၅၆ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါဟာ ထိပ်ဆုံး ၆ သင်းထဲမှာ အနည်းဆုံး သွင်းဂိုး မှတ်တမ်းဖြစ်လို့ လာမယ့်ရာသီမှာ တိုက်စစ်က ဂိုးတွေ ပိုရဖို့ အာရုံစိုက်ရမှာပဲ ဖြစ်ပါတယ်။