ချယ်ဆီးအသင်းဟာ ပိုချက်တီနို ကို နည်းပြသစ် အဖြစ် ၂ နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း မနေ့က တနင်္လာနေ့ မှာ တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

စပါးနဲ့ ပီအက်စ်ဂျီ နည်းပြ ဟောင်းကို ချယ်ဆီးအသင်ပိုင်ရှင် တော့ဒ်ဘိုလေ တို့ အုပ်စုကတော့ မျှော်လင့်ချက် များစွာ ထားပြီး အကောင်းမြင်ထားပါတယ်။

ပိုချက်တီနို သတင်းကို ကြေငြာ အပြီးမှာ ချယ်ဆီးအသင်းပိုင်ရှင်အုပ်စုကလည်း အသီးသီး မှတ်ချက်ပေး ကြေငြာချက် ထုတ်ခဲ့ပါတယ်။

” ကျနော်တို့ စီမံရေး အဖွဲ့က သေချာသေချာ လေးလေးနက်နက် တွေးတော စိစစ်ပြီးမှ ဘုတ်အဖွဲ့ ဂုဏ်ယူရလောက်အောင် လုပ်ဆောင်ထားပါတယ်။ မာရီစီယို (ပိုချက်တီနို) ချယ်ဆီးအသင်းနဲ့ လက်တွဲလိုက်တာ ကျနေ်ာတို့ သိပ်ကို ဝမ်းမြောက်မိတယ်။

သူက ထူးချွန်တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် နည်းပြ တစ်ဦး ဖြစ်တယ်။ ကျနော်တို့ အားလုံး သူ အသင်းဆီ လာပူးပေါင်းမှာကို စောင့်မျှော်နေခဲ့တာပါ။ ” လို့ ပိုင်ရှင်တွေရဲ့ ကြေငြာချက်မှာ ပါဝင်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ပူးတွဲ အားကစား ဒါရိုက်တာတွေ ဖြစ်တဲ့ Laurence Stewart နဲ့ Paul Winstanley တို့ကလည်း အခုလို ဖြည့်စွက် ဆိုခဲ့ပါတယ်။

” မာရီစီယိုရဲ့ အတွေ့အကြုံ၊ အကောင်းဆုံး စံသတ်မှတ်ချက်တွေ၊ ဦးစီးဦးဆောင် လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပုံရိပ်ကောင်းတွေက ချယ်ဆီးအသင်းကို ရှေ့လျှောက် အကောင်းဆုံး ဦးဆောင်သွားနိုင်ပါလိမ့်မယ်။

သူ့ရဲ့ အတွေးအမြင်၊ နည်းဗျူဟာ ချဉ်းကပ်မှု၊ အသင်း တိုးတက်လာအောင် အားထုတ်မှုပိုင်းတွေအားလုံးက ဒီ ရာထူး အတွက် ချွင်းချက်မရှိ ရွေးချယ်စရာ ဖြစ်ခဲ့တာပါ။” လို့ အားကစားဒါရိုက်တာတွေကလည်း ပိုချက်တီနိုအား အမွှန်းတင် သွားခဲ့ပါတယ်။