အာဆင်နယ်ဟာ အက်စတွန်ဗီလာအပြင် ကလပ် အများအပြားက ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ စမစ်ရိုးကို ဒီနွေမှာ ရောင်းထုတ်မှာ မဟုတ်ဘဲ လာမယ့်ရာသီအတွက် ဆက်ထိန်းသွားဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ပိုချက်တီနို သဘောကျနေတဲ့ စပို့တင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူရေး ချယ်ဆီးအသင်းက ကြိုးစားနေပြီ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီလည်း ပါဝင်လာဦးမှာပါ။

နည်းပြတန်ဟက်က ဇန်နဝါရီတုန်းကလည်း လူသစ် မခေါ်ပေးခဲ့သလို ဒီနွေမှာလည်း ကစားသမားသစ် မခေါ်ပေးတာမျိုး လုပ်လို့ မရကြောင်း မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။

ချယ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနိုဟာ ဂျာအိုဖိလစ်ကို ဆက်ခေါ်ထားဖို့ ဆန္ဒ မရှိတာကြောင့် ပေါ်တူဂီသားဟာ မိခင်ကလပ် အက်သလက်တီကို မက်ဒရစ်ထံ ပြန်ရတော့မှာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ကို ချိန်ရွယ်နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ အင်္ဂလန်သားကို ရဖို့ ယူရို သန်း ၁ဝဝ ပေးဖို့ ဆန္ဒ ရှိနေပါတယ်။ ဘိုင်ယန် နည်းပြ တူချယ် ကိုယ်တိုင်လည်း ရိုက်စ်ထံ ဖုန်းခေါ်ပြီး ဆက်သွယ် စကားပြောခဲ့တယ် လို့ သိရပါတယ်။

မက်ဆီရဲ့ အေးဂျင့် လည်း ဖြစ်တဲ့ သူ့ ဖခင် ဂျော့ချ်ဟာ ဆော်ဒီကလပ် အယ်ဟီလယ် အသင်းထံမှ ပေါင် ၁.၂ ဘီလီယံ တန်ကြေးရှိ နှစ်ရာသီစာ ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ထိုပမာဏဟာ စီ ရော်နယ်ဒိုရဲ့ အယ်နက်ဆာက လစာရဲ့ နှစ်ဆ ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ချယ်ဆီးရဲ့ ဆယ်ကျော်သက် ဘယ်စွန် နောက်ခံလူငယ်လေး လူးဝစ် ဟောလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူ တိုက်စစ်မှုး မာရှယ်ဟာ တံကောက်ကြော ဒဏ်ရာ ရသွားတာကြောင့် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲကို လွဲချော်ပြီ ဖြစ်ကြောင်း နည်းပြ တန်ဟက်က အတည်ပြုသွားခဲ့ပါတယ်။ အခြား တိုက်စစ်သမား ဖြစ်တဲ့ အန်တိုနီကတော့ ဖိုင်နယ်ပွဲ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီးနဲ့ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ဟာ ခရစ္စတယ်ပဲလေ့စ် အသင်းကို တာဝန်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

တိုက်စစ်သမား ကာဗာရိုကို ခေါ်ယူဖို့ လိုက်ဇစ်ဘက်က ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက သူတို့ ကြယ်ပွင့်ကို အပြီးသတ် မရောင်းထုတ်လိုတာကြောင့် ငြင်းဆန်ခဲ့ပါတယ်။