သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်တို့ အသုံးစရိတ် ကြီးကြီး သုံးနိုင်ရေးအတွက် ကစားသမား ရောင်းချမှုတွေ ပြုလုပ်ဖို့ အကြံပေးလာပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်ခွင့် ရထားတာနဲ့အတူ နည်းပြတန်ဟက်က လူစာရင်း အပြောင်းအလဲ အချို့ ပြုလုပ်ဖို့ စိတ်အားထက်သန်နေတယ်။ ယူနိုက်တက်ဟာ ဟယ်ရီကိန်း၊ မေဆန်မောင့်တို့လို ကစားသမားတွေကို ခေါ်ယူလိုနေပြီး ထိုအတွက် ပေါင် သန်း ၁၆၀ ကျော် အသုံးပြုရမှာ ဖြစ်ပါတယ်။

မန်စီးတီး၊ အာဆင်နယ်အပြင် ဥရောပထိပ်သီးတွေနဲ့ ဖလားတွေ အပြိုင်လုရမယ့် ယူနိုက်တက်အတွက် ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၁၀၀ ထက် ပို ထုတ်မရဘူးလို့ သိထားရတယ်။ နည်းပြတန်ဟက် အနေနဲ့ အသုံးစရိတ်ကို ထပ်တိုးဖို့ဆိုရင် အသင်းမှာရှိတဲ့ ကစားသမား အချို့ကို ရောင်းချရပါလိမ့်မယ်။

ဖာဒီနန်ကတော့ မန်ယူ အကယ်ဒမီထွက် တော်မီနေး အပါအဝင် ၊ မက်ဂွဲရား၊ မာရှယ်နဲ့ အီလန်ဂါတို့ကို ရောင်းချခြင်းဟာ မန်ချက်စတာ ယူနိုက်တက်အတွက် အပို အသုံးစရိတ် ပေါင် သန်း ၁၀၀ ကျော် ရစေမယ်လို့ ယုံကြည်နေပါတယ်။

” တော်မီနေးက ပွဲတွေ အများကြီး မကစားထားရဘူး။ ကျနော်သာ သူ့နေရာမှာဆိုရင် ပွဲကစားလိုမှာပါပဲ။ ကလပ်နဲ့ ဆွေးနွေးမှုတွေ လုပ်မှာပါပဲ။ သူက ကစားသမားကောင်းဖြစ်တာကြောင့် အသင်းသစ် ရှာဖွေရ ခက်ခဲမှာ မဟုတ်သလို ပြောင်းရွှေ့ကြေးကြီး ရစေမှာပါ။

မက်ဂွဲရားကလည်း ယူနိုက်တက်မှာ စတုတ္ထဦးစားပေး ဖြစ်နေရတာကို ပျော်မှာ မဟုတ်တာကြောင့် အသင်းသစ် ရှာဖွေ ရနိုင်ပါတယ်။ မာရှယ်ကလည်း အသင်းမှာ အံမဝင်နိုင်တော့တာကို ပြသထားတယ်။

အီလန်ဂါကလည်း ပွဲကစားခွင့်တွေ မရဖြစ်နေတာမို့ ဒီကစားသမား ၄ ယောက်ကို ရောင်းချရင် ပေါင် သန်း ၁၀၀ လောက် ရပါလိမ့်မယ်။ ” လို့ ဖာဒီနန်က တိုက်တွန်းခဲ့တယ်။

ဒင်း ဟန်ဒါဆန်ကလည်း နော်တင်ဟမ် ဖောရက်စ်ကို အငှားဖြင့် ရောက်နေရာကာနေ ပေါင် သန်း ၃၀ ဖြင့် အပြီးသတ် ပြောင်းရွှေ့နိုင်သေးတာ ဖြစ်ပါတယ်။