မန်စီးတအသင်းက ပရီးမီးယားလိဂ် ဖလားကို ၃ ရာသီဆက် အောင်မြင်ခဲ့ပေမယ့် လာမယ့်ရာသီမှာ ချန်ပီယံ ဆုဖလား အတွက် တိုက်ခိုက်မယ့် ကလပ်တွေ ပေါ်လာနိုင်သေးကြောင်း စကိုင်းစပေါ့ကနေ ကာရေဂါနဲ့ မီဂါရစ်ချက်တို့က ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေမှာ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်က လီဗာပူးဖြစ်ခဲ့ပြီး ဒီရာသီမှာတော့ အာဆင်နယ်က စိန်ခေါ်လာ ခဲ့တာပါ။ ဒါပေမယ့် နောက်ရာသီမှာ အဲ့လို တစ်သင်းကောင်း မဟုတ်ဘဲ အသင်းကောင်း ၄ သင်းလောက်က စီးတီးကို ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

ကာရေဂါက “ ကျနော်ကတော့ မန်စီးတီးကို ယှဉ်ပြိုင်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဖြစ်မယ် ထင်ပါတယ်။ လီဗာပူးက အရင်ကလည်း အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး သူတို့အသင်းမှာ အဲ့လို လုပ်ပြဖို့ကို ဦးဆောင်ပေးနိုင်တဲ့ မန်နေဂျာလည်း ရှိထားပါတယ်။

လီဗာပူးက အများကြီး တိုးတက်လာရမယ် ဆိုပေမယ့် သူတို့မှာ အရည်အချင်းတွေ ရှိပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယား လိဂ် အောင်မြင်ခဲ့တဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။ ကျနော်ကတော့ လီဗာပူးနဲ့ မန်ယူနိုက်တက်လို့ ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

စီးတီး ခံစစ်သမားဟောင်း မီဂါရစ်ချက်ကတော့ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ့် အသင်းတွေထဲမှာ ကာရေဂါ ပြောတဲ့ အသင်းတွေအပြင် နောက်ထပ် ၂ သင်းလည်း ပါသွားဦးမယ် ဆိုပါတယ်။

ရစ်ချက်က ” အာဆင်နယ်လည်း စိန်ခေါ်နိုင်မယ် ထင်ပါတယ်။ အာဆင်နယ်က တစ်ရာသီတည်း စိန်ခေါ်နိုင်တာလို့ မထင်ပါဘူး။ ဒါကြောင့် အာဆင်နယ်ကိုလည်း ဖလား စိန်ခေါ်မယ့် စာရင်းထဲ ထည့်ရမှာပါ။ သူတို့ အဆင့် ၄ ရလိမ့်မယ်၊ ပရီးမီးယားလိဂ် ဖလားကို ပိုကောင်းကောင်း စိန်ခေါ်နိုင်တာလည်း ဖြစ်ရင်ဖြစ်ပါမယ်။

ချယ်ဆီးက တိုက်စစ်သမားကောင်း ခေါ်ယူနိုင်ခဲ့ရင် နောက်ရာသီ စိန်ခေါ်လာဦးမှာပါ။ သူတို့ရဲ့ ကစားသမားတွေ ကလည်း ပိုကောင်းလာဦးမှာပါ ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။