အာဆင်နယ်ရဲ့ အသက်သွေးကြောလို့ အဓိက ကျလာနေတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ် ကို ဒီနွေမှာ ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းအံ့အားသင့်ဖွယ် စိတ်ဝင်စား လှုပ်ရှား လာပါတယ်။

နော်ဝေ လက်ရွေးစင် ကစားသမားဟာ အာဆင်နယ်နဲ့ အတူ အရေးပါတဲ့ အသင်းသား အဖြစ် အစွမ်းပြခဲ့ပြီး မန်စီးတီးနဲ့ အတော် ယှဉ်ကာ ဂန်းနားတို့ အဆင့် ၂ နဲ့ ရာသီသိမ်းရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းကလည်း ဒီနွေမှာ အနာဂတ် မရေရာတော့တဲ့ မက်ဆီနဲ့ နေမာ တို့ကို လက်လွှတ်ရဖွယ် ရှိတာကြောင့် ထိပ်တန်း ခေါ်ယူမှုကြီးတွေ လုပ်ဖို့ အားခဲထားပါတယ်။

ဒေးလီးမေးလ် သတင်း ဌာန အဆိုအရ အိုဒီဂတ်ဟာ ပီအက်စ်ဂျီ အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲ ပါဝင်နေတယ် လို့ သိရပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ အာဆင်နယ်မှာ ပျော်ရွှင်နေပြီး မြောက်လန်ဒန်ကလပ် ကလည်း သူတို့ အဓိက ကစားသမားကို လက်လွှတ်မှာ မဟုတ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့တော့ အတော် ခဲယဉ်းပါလိမ့်မယ်။

အာဆင်နယ်ဟာ မာတင်နယ်လီနဲ့ ဆာကာ တို့ကို သက်တမ်းတိုးပြီးနောက် ဆာလီဘာနဲ့ စာချုပ်သစ် ကိစ္စ ဆက်လက် ဆွေးနွေးနေပါတယ်။ တချိန်တည်းမှာပဲ အိုဒီဂတ် ကိုလည်း သက်တမ်းတိုး စာချုပ်သစ် အတွက် စကား စနေပြီ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ ဒီရာသီ ၁၅ ဂိုးသွင်း၊ ၈ဂိုး ထောက်ပံ့မှု ပြုလုပ်ထားသူပါ။ နော်ဝေသားဟာ အစောပိုင်းမှာ အာဆင်နယ်ထံ ရီးရဲလ်ကနေ အငှား လာကစားခဲ့တာ ဖြစ်ပြီး နောက်မှ အာဆင်နယ်က ပေါင် ၃၅ သန်းနဲ့ အပြီး ခေါ်ယူဖြစ်ခဲ့တာပါ။

ဒီနွေမှာ အာဆင်နယ်ကလည်း ကစားသမား ရောင်းချပြီး အသုံးစရိတ် ပြန်ရှာမှုတွေ လုပ်မှာ ဖြစ်ပေမယ့် ဂန်းနားတို့ အရောင်းစာရင်းမှာ အိုဒီဂတ် မပါဝင်ပါဘူး။ ဒါကြောင့် ပီအက်စ်ဂျီတို့ ဘယ်လို အကွက်တွေ သုံးလာမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။