ဒီအပတ် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး မြို့ခံ ပြိုင်ဘက် နှစ်သင်းဟာ ဝင်ဘာလေမှာ အက်ဖ်အေဖလား ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဘက်ကတော့ အဆိုပါပွဲကို တံကောက်ကြော ဒဏ်ရာကြောင့် မာရှယ် လွဲချော်မယ်လို့ သတင်း ထုတ်ပြန်ခဲ့တယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၂ ဂိုး သွင်းယူထားတဲ့ ပြင်သစ်သားဟာ ဒီနွေမှာ ရောင်းချခံရနိုင်ကြောင်း သတင်းကြီးထားသူ ဖြစ်ပါတယ်။

” အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ဖူလ်ဟမ်နဲ့ပွဲအပြီး ပြင်သစ် လက်ရွေးစင်ဟာ တံကောက်ကြော နာကျင်မှု ခံစားခဲ့ရပါတယ်။ ကြွက်သား နာကျင်မှုကြောင့် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ စနေနေ့ ဝင်ဘာလေပွဲကို လွဲချော်သွားပါမယ်။ ” လို့ ယူနိုက်တက်ဘက်က သတင်းထုတ်ပြန် ထားပါတယ်။

၂၀၁၅ မှာ ယူနိုက်တက်ကို ပြောင်းလာပြီးတဲ့နောက် ပြိုင်ပွဲစုံ ၂၉၈ ပွဲကစား ကိုယ်တိုင် ၈၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅၃ ကြိမ် လုပ်ထားနိုင်တဲ့ မာရှယ်ဟာ ဒီရာသီမှာ မကြာခဏ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

အဆုံးသတ် သွင်းဂိုးတွေ လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာ မာရှယ် ကို လက်လွှတ်ရတာကတော့ ထိုးနှက်ချက်ကြီး ဖြစ်လာပါတယ်။

နည်းပြတန်ဟက်ကတော့ သူ့နေရာမှာ ပိုမို ကောင်းမွန်တဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးဖြင့် အစားထိုးလိုပြီး ဟယ်ရီကိန်း၊ အိုဆင်ဟမ် အပါအဝင် ပစ်မှတ်များစွာကို စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ဟာ နွေဈေးကွက်မှာ လူစာရင်း ပြန်လည် တည်ဆောက်မှု မတိုင်ခင် ဝင်ဘာလေမှာ ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ မန်ချက်စတာ မြို့ခံ ပြိုင်ဘက်ကို အနိုင်ယူဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။