အာဆင်နယ် အသင်းဟာ အားထားရတဲ့ နောက်ခံလူ ဝီလီယံ ဆာလီဘာကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုက အဆင်မပြေ ဖြစ်နေပြီး ပြင်သစ်သားကို ရောင်းထုတ်ရမလား စဉ်းစားလာနေပြီ လို့ အင်္ဂလန် သတင်းတွေမှာ ဖော်ပြလာပါတယ်။

လက်ရှိ တစ်ပတ် လုပ်ခ ပေါင် ၄ သောင်းသာ ရရှိနေတဲ့ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာပါ။ တခြား အာဆင်နယ် ကစားသမားတွေလို ဆာလီဘာ စာချုပ်မှာ သက်တမ်း တစ်နှစ် ထပ်တိုးခွင့်ကလည်း မပါဝင်ပါဘူး။

အာဆင်နယ်ဟာ ဆာကာ၊ ရမ်ဒယ်တို့ကို သက်တမ်းတိုးလို့ ပြီးသွားပေမယ့် ဆာလီဘာ စာချုပ်သစ် အတွက် ဆွေးနွေးမှုကတော့ အထစ်အငေါ့တွေ ဖြစ်နေတာပါ။

အင်္ဂလန် သတင်းတွေ အဆိုအရ ဆာလီဘာ ဘက်က မြင့်မားလွန်းတဲ့ လစာ တောင်းဆိုမှုဟာ အာဆင်နယ် အကြီးအကဲတွေကို အံ့အားသင့်စေပြီး ညှိနှိုင်းမရရင် ဒီနွေမှာတင် ဆာလီဘာကို ရောင်းချရဖွယ်တောင် ရှိနေတယ် လို့ သိရပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ အသက် ၂၂ နှစ် အရွယ် ကစားသမားကို စာချုပ်ကုန်သည်ထိ စောင့်ပြီးတော့ အလွတ်နဲ့ ထွက်ခွာခွင့် ပြုမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီနွေဟာ ဆာလီဘာကို ရောင်းထုတ် ငွေရှာမလား ဆုံးဖြတ်နိုင်မယ့် နောက်ဆုံး ကာလလည်း ဖြစ်လာပါမယ်။

အာဆင်နယ်ဟာ လက်ရှိ ဆွေးနွေးမှုမှာ တစ်ပတ် ပေါင် ၁သိန်း ၂ သောင်း လစာနဲ့ ကမ်းလှမ်းထားတယ် လို့ သိရပြီး ဒါဟာ ကစားသမား ဘက်က အလိုရှိတာနဲ့ ကိုက်ညီဖို့ အတော် အလှမ်းဝေးသေးတယ်လို့ သိရပါတယ်။

ပြင်သစ်သားရဲ့အေးဂျင့်တွေဘက်က တောင်းဆိုမှုဟာ ပီအက်စ်ဂျီ လို အသင်းမျိုးသာ ပေးမယ့် လစာမျိုး ဖြစ်နေတယ် လို့လည်း ဆိုကြပါတယ်။

အာဆင်နယ် အနေနဲ့လည်း ဆာလီဘာ ဘက်က အလိုရှိတဲ့ လစာမျိုး ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီက ပေးပြီး ခေါ်သွားမှာကို စိုးရိမ်နေရပါတယ်။ ပီအက်စ်ဂျီကလည်း ဆာလီဘာ ကို ရဖို့ ဘယ်လို မက်လောက်တဲ့ ကမ်းလှမ်းမှုကို မဆို ပေးသွားဖို့ ပြင်ဆင်နေတာပါ။

လီဂူးဝမ်း ကလပ်ဟာ ငယ်ရွယ်တဲ့ ခြေစွမ်းကောင်း ပြင်သစ်သားတွေကို ရှာဖွေနေပြီး ဆာလီဘာ က ၎င်းတို့ အလိုရှိတာတွေနဲ့ လုံးဝ ကိုက်ညီနေပါတယ်။ ဆာလီဘာ ကိစ္စကို ဖြေရှင်းဖို့ အာဆင်နယ် ဘက်ကတော့ အတော် အချိန်ယူ ကြိုးစားနေဆဲပါ။

ဆာလီဘာက လက်ရှိ အာဆင်နယ် အသင်းရဲ့ လစာ အနည်းဆုံး ကစားသမားထဲ ပါဝင်ပြီး ရာသီသစ်ကိုလည်း မသေချာမှုတွေနဲ့ မစတင်ချင်ဘူး ဖြစ်နေပါတယ်။

စာချုပ်သစ်သာ မချုပ်နိုင်ရင် ပီအက်စ်ဂျီကလည်း အလွတ်နဲ့ ဆာလီဘာ ထွက်လာမယ့် အချိန်ကို စောင့်ပြီး ခေါ်သွားဖွယ် ရှိတာကြောင့် ၂၀၁၉ တုန်းက အာဆင်နယ် သုံးခဲ့တဲ့ ပေါင် ၂၇ သန်း ကိုတောင် ပြန်ရဖို့ ခက်ဖွယ် ရှိနေပါတယ်။