အာဆင်နယ်ဟာ တူရကီကလပ် ဂါလာတာစရေးမှ ဆယ်ကျော်သက် ကြယ်ပွင့် Arda Güler ကို ခေါ်ယူရေး ချိတ်ဆက်မှု ပြုလုပ်ခဲ့ပြီ လို့ သိရပါတယ်။

အာဆင်နယ်နဲ့ မိုနာကိုတို့ဟာ မောင့်ပယ်လီယာ တိုက်စစ်သမား ဝါဟီကို ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ ပြိုင်ဆိုင်ကြဖွယ် ရှိပါတယ်။

အာဆင်နယ် အသင်း ဟာ ပါတီနို အပါအဝင် ကလပ်ရဲ့ အကယ်ဒမီ လူငယ် ကြယ်ပွင့် အချို့ကို ဒီနွေမှာ ထွက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနွေမှာတော့ ဗယ်လာဒိုးလစ် အစွန်လူ အိုင်ဗန် ဖရက်စ်နာဒါကို ခေါ်ယူရေး အာဆင်နယ်ဘက်က အားထုတ်မှာပါ။ သူ့ကို ခေါ်ယူရေးမှာ ဒေါ့မွန်အသင်းနဲ့ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရမ်စ်ဒေးဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ‘Save of the Season’ ဆုအတွက် ဆန်ကာတင် ၂ ဦးစာရင်းထဲ ပါနေပါတယ်။ အာဆင်နယ် ဂိုးသမားဟာ လီဗာပူးမှ ဆာလာနဲ့ ဘုန်းမောက် ဘယ်လင်တို့ရဲ့ သွင်းဂိုးတွေကို အံ့ဖွယ် ကာကွယ်ခဲ့သူပါ။

အာဆင်နယ်ပိုင်ရှင် ခရွန်ကီဟာ ပိုင်ဆိုင်မှုပိုင်း ၂ ဘီလျံကျော် ပိုမို ကြွယ်ဝလာခြင်းနဲ့အတူ နွေမှာ အာဆင်နယ် အတွက် အသုံးစရိတ် ယူရို သန်း ၂၀၀ ဝန်းကျင် သုံးခွင့်ပေးဖွယ် ရှိပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ခံလူ ဆာလီဘာကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရ ဖြစ်နေပါတယ်။ ပြင်သစ်သားရဲ့ လစာ တောင်းဆိုမှုက များလွန်းနေတယ် လို့ သိရပေမယ့် ကလပ်ကတော့ သူ့ကို လက်မှတ်ထိုးနိုင်မယ် ယုံကြည်နေပါတယ်။