ဟယ်ရီ မက်ဂွဲရားဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ယူနိုက်တက် ဘက်ကနေ ငွေ ပုံပေးပြီးတော့တောင် နှင်ခံရဖို့ ရှိနေကြောင်း သတင်း ထွက်လာပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဒီရာသီ အဲရစ်တန်ဟက်ရဲ့ အသင်းမှာ နေရာပေးခြင်း မခံရသလို အနာဂတ် အစီအစဉ်တွေထဲမှာလည်း ပါဝင်ပုံ မရပါဘူး။ ယူနိုက်တက် ဗဟိုခံစစ်မှာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ အတွဲကသာ အဓိက ပွဲထွက်နေရတာပါ။

ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၆ ပွဲသာ ပွဲထွက်ခွင့် ရထားတဲ့ မက်ဂွဲရားဟာ လာမယ့် စနေနေ့ ဝင်ဘာလေမှာ ကန်ရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အရန်ခုံကနေသာ ပါဝင်ရဖွယ် ရှိနေပါတယ်။

အင်္ဂလန် လက်ရွေးစင် ခံစစ်မှုးကို နည်းပြ တန်ဟက်က အတင်း ရှင်းထုတ်တာမျိုး မလုပ်ပေမယ့် ယူနိုက်တက် ကတော့ တစ်ပတ် လုပ်ခ လစာ ပေါင် ၁သိန်း ၉ သောင်းနဲ့ နှစ်နှစ် စာချုပ် ကျန်နေသေးတဲ့ မက်ဂွဲရားကို အချိုသတ် ငွေပေးပြီး ထွက်ခွာခိုင်းဖို့ စီစဉ်နေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်လာပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရားကို အသင်းပြောင်းရင် လျော့သွားမယ့် လစာတွေ အတွက် လျော်ကြေးသဘော ပေါင် ၁ဝ သန်း ပေးဖို့ စီစဉ်နေပါတယ်။

တန်ဟက်ကတော့ မက်ဂွဲရား အသင်းမှာ ဆက်နေနေရင်လည်း ထိန်းထားမှာ ဖြစ်ပေမယ့် ကစားသမား အနေနဲ့ ယူရို ၂၀၂၄ မှာ ပါဝင် ကစားဖို့ ဆိုရင် ပုံမှန် ပွဲကစားခွင့် လိုအပ်နေတာကြောင့် အနာဂတ်ကို စဉ်းစားလာဖွယ် ရှိပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကလည်း မက်ဂွဲရားကို ဆက်ရွေးချယ်လိုနေဆဲ ဖြစ်ပြီး ပွဲကစားခွင့် ပုံမှန် ရှိနေဖို့က မက်ဂွဲရား ဆုံးဖြတ်ချက် ချဖို့ လိုအပ်နေပါတယ်။