နည်းပြ ပက် ဂွာဒီယိုလာ ဟာ နောက်ဆုံးမှာတော့ မန်စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စီးတီးဟာ စနေနေ့ညက အစ္စတန်ဘူလ်မှာ ကန်ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ အင်တာမီလန်ကို အနိုင်ယူပြီး ဥရောပ ဗိုလ် အဖြစ် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ တစ်ရာသီတည်း အဓိက ဆုဖလားကြီး ၃ ခု ကို ရယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန် ကလပ်လည်း ဖြစ်လာပါတယ်။

ပထမ အကြိမ် စွမ်းဆောင်ထားတာကတော့ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်ခဲ့တာပါ။ ပက် ဂွာဒီယိုလာကိုလည်း ဆာအဲလက်စ် နည်းတူ စွမ်းဆောင်နိုင်တဲ့ နည်းပြ အဖြစ် သတင်းထောက်တွေ ထည့်ပြောလာချိန်မှာ စပိန်သား နည်းပြ အခုလို တုန့်ပြန်ခဲ့ပါတယ်။

” ကျနော့်ကို ဆာအဲလက်စ် ဖာဂူဆန်နဲ့ အတူ ယှဉ်တွဲပြောခံရတာကို ဂုဏ်ယူမိပါတယ်။ ကျနော် ဒီမနက်တင် သူ့ ဆီကနေ မက်ဆေ့ချ် ရပါသေးတယ်။ အဲဒါ တကယ်ကို ရင်ထဲ ထိသွားစေခဲ့တယ်။ စိတ်ခံစားမှု သိပ်ကို ကောင်းသွားစေပါတယ်။ ” လို့ ဂွာဒီယိုလာက ဖွင့်ဟခဲ့တာပါ။

ဂွာဒီယိုလာရဲ့ လက်ရှိ ဖလား ၃ လုံး ယူထားတဲ့ အသင်းနဲ့ ဆာအဲလက်စ်ရဲ့ ၁၉၉၉ က ဖလား ၃ လုံး ယူတဲ့ အသင်း နှိုင်းယှဉ်ပြောဆိုမှုတွေကလည်း ရှိနေပြီး ဘယ်အသင်းက ပိုသာလဲ ဆိုတဲ့ ငြင်းခုန်မှုတွေကလည်း ရှိနေပါတယ်။