မန်ချက်စတာ စီးတီးဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူရေး ဝင်ရောက် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။ ရိုက်စ်ကို အာဆင်နယ်နဲ့ မန်ယူတို့က ချိတ်ဆက်နေပါတယ်။
အာဆင်နယ်ဟာ ဒီကလန်ရိုက်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှု ပေးအပ် ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။
အာဆင်နယ်ဘက်က ကနဦး ပေါင် ၇၅ သန်း၊ ထပ်တိုးကြေး ပေါင် ၁၅ သန်းတို့ဖြင့် ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင် ခဲ့ကာ နောက်တစ်ကြိမ် ထပ်ကမ်းလှမ်းဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်နေပေမယ့် အပြီးသတ် သဘောတူ ညီမှု မရသေးတာကြောင့် ဒီလတွေအတွင်း အင်္ဂလန်ကွင်းလယ်လူကို ခေါ်ယူရေး စောင့်ကြည့်နေတဲ့ မန်စီးတီးက ကြားဝင် ကမ်းလှမ်းဖို့ ဆုံးဖြတ်လာခဲ့တာ ဖြစ်ပါတယ်။
ဂွမ်ဒိုဂန်ကို အလွတ်ဖြင့် ထွက်ခွင့်ပေးရမှာဖြစ်တဲ့နောက် မန်စီးတီးက ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ကို ပေါင် သန်း ၃၀ ရောက်မယ့် ပမာဏဖြင့် ချက်ခြင်း ခေါ်ယူခဲ့ပါတယ်။
ရိုက်စ်ကိုတော့ ကွင်းလယ် နှစ်ယောက်တန်းမှာ ရိုဒရီနဲ့ တွဲဘက်သူအဖြစ် သုံးဖို့ ဂွာဒီယိုလာက အလိုရှိလာတာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဖြစ်ဖို့ မန်စီးတီးက ပေါင် သန်း ၁၀၀ သုံးရနိုင်ပြီး ဝက်စ်ဟမ်းကတော့ သူတို့ မျှော်လင့်တဲ့ အတိုင်း ဈေးပြိုင် ချိတ်ဆက်မှုကို ရရှိသွားတော့မှာ ဖြစ်ပါတယ်။