စပါးနည်းပြသစ် ပေါ့စတာကိုဂလိုဟာ ဒီနွေမှာတည်းက အကြီးစား ရှင်းထုတ်မှုတွေ ပြုလုပ်လိုနေကာ အသင်းခေါင်းဆောင် လိုရစ် အပါအဝင် အသင်းသား အများအပြားကို အရောင်းစာရင်း တင်ပါတော့မယ်။

ပြင်သစ်သား ဂိုးသမားဟာ မြောက်လန်ဒန်ကလပ်မှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး လက်ရှိ စာချုပ်က ၁ နှစ် သက်တမ်းပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အစားထိုးဖို့ရာ ဗီကာရီယိုကို ခေါ်ယူနိုင်တော့မယ့် စပါးအသင်းက လိုရစ်ကို ဒီနွေမှာ လက်လွတ်ရဖို့ ပြဿနာ မရှိပါဘူး။

The Athletic ကတော့ စပါးအသင်းဟာ ခံစစ်သမားတွေဖြစ်တဲ့ ဆန်းချက်စ်၊ တန်ဂန်ဂါ၊ ရိုဒန်၊ ရီဂွယ်လွန်တို့ကိုလည်း အငှားဖြစ်ဖြစ် အပြီးသတ်နဲ့ဖြစ်ဖြစ် ရှင်းထုတ်လိုနေပါတယ်။ ရိုဒန်နဲ့ ရီဂွယ်လွန်တို့က မနှစ်ကရာသီမှာ ရီးနက်စ်နဲ့ အေတီကို အသင်းတွေထံ အငှားထွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အကယ်ဒမီထွက် ကွင်းလယ်လူ ဟယ်ရီဝင့်ကိုလည်း ရှင်းထုတ်လိုနေကာ ဆယ်ကျော်သက် ကြယ်ပွင့် ဒီဗိုင်းကိုတော့ သူ့ရဲ့ တိုးတက်မှုအတွက် အငှားချမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ စျေးကြီးပေး ခေါ်ယူခဲ့တဲ့ လိုဆယ်ဆို၊ အန်ဒွမ်ဘီလီတို့ကို မနှစ်ကလို အငှားချမလား အပြီးသတ် ထွက်ခွင့်ပေးမလား မဆုံးဖြတ်ရသေးပေမယ့် နည်းပြသစ်ရဲ့ ပလန်အတွင်း သူတို့ ပါဝင်ရမှာ မဟုတ်ပါဘူး။ ပါရီဆစ်ရဲ့ အနာဂတ်ကိုလည်း စပါးဘက်က စီစဉ်ပေးရပါမယ်။

မနှစ်တုန်းက ခံစစ်ပေးဂိုး ၆၃ ဂိုးထိ ရှိခဲ့ခြင်းကို ဖြေရှင်းဖို့အတွက် စပါးက ဒီနွေမှာ ဗန်ဒီဗန်နဲ့ တပ်ဆိုဘာတို့လို ခံစစ်သမားတွေကို ချိန်ရါယ်နေပါတယ်။ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဒိုင်ယာကို ဒီနွေမှာ မရောင်းရင် အလွတ်နဲ့ ထွက်ခွင့်ပေးရမှာကို စပါးဘက်က နားလည်ထားတယ်။

အသင်းကြီး အများအပြားက အလိုရှိနေတဲ့ ဟယ်ရီကိန်းကိုတော့ စပါးဘက်က ဆက်ထိန်းလိုပြီး ထိလိုမရတဲ့ အသင်းသားအဖြစ် ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ တွဲဘက် ဆွန်ကလည်း ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး လန်ဒန်ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။