မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ သူတို့ ရောင်းထုတ်ချင်နေတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွဲရား အတွက် ဈေးသတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့် တန်ကြေးမြင့်တာကြောင့် ဝယ်လက် ထွက်လာဖွယ် မရှိဘူး ဖြစ်နေပါတယ်။
၂၀၁၉ မှာ လက်စတာကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ပြောင်းလာခဲ့တဲ့ အင်္ဂလန်သား ခံစစ်မှူးဟာ တန်ဟက် လက်ထက်မှာ နေရာမရဖြစ်နေတာပါ။ သူဟာ ဦးစားပေး စာရင်းမှာ ဗာရန်း၊ မာတီနက်စ်၊ လင်ဒီအော့၊ လုရှောတို့နောက်ကို ရောက်ရှိနေပါတယ်။
ယူနိုက်တက် ဘက်က အသက် ၃၀ အရွယ် မက်ဂွဲရားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ လို့ ဈေးသတ်မှတ် လိုက်ကြောင်း မန်ချက်စတာ အခြေစိုက် MEN သတင်း က ဆိုပါတယ်။ ဒါဟာ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေအတွက် အတားအဆီး ဖြစ်လာမယ့် ပမာဏလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မက်ဂွဲရားကို ရောင်း မရရင်လည်း လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားတာကြောင့် အင်္ဂလန်သားကို လုပ်ခလစာပါ စာချုပ်ပါအတိုင်း တိုးပေးရဖို့ ရှိနေပါတယ်။ တကယ်လို့ အင်္ဂလန်သားဟာ အသင်း မပြောင်းနိုင်ရင်လည်း ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးကို စွန့်လွှတ်ရဖို့ ရှိနေပါတယ်။
မက်ဂွဲရား အနေနဲ့လည်း အရင်လို ယူနိုက်တက်မှာ ပွဲ ကစားခွင့် မရဘဲ လစာ ထိုင်ယူနေဖို့ကလည်း အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ်က မက်ဂွဲရားအား ပွဲကစားနေမှ အသင်းမှာ ရွေးမယ်လို့ သတိပေးထားတာကြောင့် ကစားသမား ကိုယ်တိုင်လည်း အသင်းပြောင်းဖို့ စဉ်းစားဟန် ရှိပါတယ်။
နည်းပြတန်ဟက်ဟာ တွမ်ဇီဘီ၊ ဖီးဂျုံးတို့ ထွက်ခွာသွားတဲ့ ခံစစ်မှာ မက်ဂွဲရားကိုလည်း ရှင်းထုတ်နိုင်ပါက ခံစစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်မှာ ဖြစ်ပါတယ်။