ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ လာမယ့်ရာသီမှာ အင်္ဂလန် အစဉ်အလာ ကလပ်အသင်းတွေရဲ့ အင်အားတောင့်တင်းလာမှုကို မြင်ရမယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်ဘောလုံးလောကကို မန်စီးတီးအသင်းက လွှမ်းမိုးလာခဲ့ပြီး မနှစ်ကဆိုရင် ဥရောပ ချန်ပီယံပါ ဖြစ်လာခဲ့ပါတယ်။ ရာသီသစ်မှာ သူတို့အသင်းကို အာဆင်နယ် အပါအဝင် ထိပ်တန်း ကလပ်တွေက ယှဉ်ပြိုင်လာလိမ့်မယ်လို့ ရွန်းနီးက မြင်ပါတယ်။

စီးတီးရဲ့ ပြိုင်ဘက် ဖြစ်လာမယ့် အသင်းတွေနဲ့ ပတ်သက်ပြီး ‘ အာဆင်နယ်အသင်း လက်မှတ်ထိုး ခေါ်ယူခဲ့မှုတွေက သိပ်ကောင်းတာမို့ သူတို့တွေ မန်စီးတီးကို စိန်ခေါ် ယှဉ်ပြိုင်ဖို့ ကြိုးစားလာမှာပါ။ စီးတီးကတော့ ပရီးမီးယားလိဂ် အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေဦးမှာပါပဲ။

လီဗာပူးက နောက်ရာသီ ပိုကောင်းလာမှာပါ၊ ချယ်ဆီးလည်း ပိုကောင်းလာပါဦးမယ်။ မန်ချက်စတာ ယူနိုက်တက်လည်း ပိုမို အင်အားကောင်းလာမယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ လက်မှတ်ထိုး ခေါ်ယူမှု ကောင်းတွေနဲ့အတူ မန်စီးတီးကို အဓိက ယှဉ်ပြိုင်ပါလိမ့်မယ် ’ လို့ ရွန်းနီက မှတ်ချက်ပေးခဲ့ပါတယ်။

အင်္ဂလန်ကလပ်တွေအတွက် သတင်းဆိုးကတော့ အခုချိန်ဟာ မန်စီးတီးရဲ့ အခိုက်အတန့် ဖြစ်နေတာမို့ ကလပ်တွေက စိန်ခေါ်လာနိုင်ရင်တောင် ဖလား အနိုင်ရဖို့ ရေပန်းစားနေဦးမှာက ပက်ဂွာဒီယိုလာရဲ့ အသင်းပဲ ဖြစ်လိမ့်မယ်လို့ ရွန်းနီက ထပ်လောင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။