လီဗာပူးအသင်းဟာ ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို ကွင်းလယ်အတွက် ရွေးချယ်စရာ ပစ်မှတ်တွေထဲက တစ်ခုအဖြစ် စတင် စဉ်းစားလာခဲ့ကြောင့် The Athletic က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို ဆော်ဒီကလပ်တွေထံ လက်လွတ်ရမှာမို့ အစားထိုးဖို့ ကစားသမား ရှာဖွေနေတာ ဖြစ်ပါတယ်။ ပဲလေစ့်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို လီဗာပူးဘက်က သဘောကျလာနေခဲ့တယ်။

အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ မာလီအသင်း လက်ရွေးစင် ဒူကူရေဟာ မနှစ်ကရာသီမှာ ပြင်သစ်ကလပ် Lens အသင်းကနေ ပဲလေစ့်ကို ပေါင် ၂၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပဲလေစ့်ဘက်ကတော့ ကွင်းလယ်လူအတွက် ပေါင် သန်း ၇၀ လောက်ရှိမယ့် ပြောင်းရွှေ့ကြေးမျိုး အလိုရှိနေပါတယ်။

အခုချိန်ထိတော့ လီဗာပူးက ဒူကူရေကို စိတ်ဝင်စားတဲ့ အဆင့်ဖြစ်တယ်လို့ပဲ သိထားရပြီး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့နဲ့ ကစားသမားကို ချဉ်းကပ်မှု ပြုလုပ်ဖို့ အစီအစဉ် ရှိမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ဆောက်သမ်တန်မှ ပေါင် သန်း ၅၀ စျေးသတ်မှတ်ထားတဲ့ လာဗီယာအပြင် ဖီအိုရင်တီးနားမှ အမာရာဘတ်၊ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်နဲ့ မန်စီးတီးမှ ကယ်ဗင် ဖီးလစ်တို့ကိုပါ ကွင်းလယ်အတွက် ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။