ပီအက်စ်ဂျီအသင်းက ဝင်ရောက် ကမ်းလှမ်းပေမယ့်လို့ ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်ကိုပဲ ပြောင်းလိုနေတယ်လို့ ရိုမန်နိုက ဆိုပါတယ်။

အယ်နာဆာအသင်းက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးအတွက် ဘိုင်ယန်မြူးနစ်ကို ယူရို ၃၇ သန်းဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ကလပ်နှစ်သင်းကြား စကားပြောမှုဟာ နောက်ဆုံးအဆင့်တွေကို ရောက်ရှိနေပါပြီ။

ဘိုင်ယန်ဘုတ်အဖွဲ့ အကြီးအကဲဟာ စပါးဥက္ကဋ္ဌ လီဗိုင်းနဲ့ ဒီကနေ့မှာ တွေ့ဆုံ စကားပြောဖို့ စီစဉ်ထားပြီး ဟယ်ရီကိန်း ကိစ္စကို ထပ်မံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကို ဖူလ်ဟမ်ဘက်က ပေါင် ၄ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ချယ်ဆီးကတော့ ပေါင် ၈ သန်း အလိုရှိနေတာ ဖြစ်ပါတယ်။

ဂါလာတာစရေးအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူဖရတ်ကို ခေါ်ယူနိုင်ဖို့အတွက် စကားပြောနေဆဲဖြစ်ကာ လာမယ့် ရက်ပိုင်းအတွင်း အဖြေရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ် တိုက်စစ်သမား စိန့်မက်ဆီမန်က Al Ahli အသင်းထံ ပြောင်းရွှေ့မှာဖြစ်လို့ ဖာမင်နို၊ မာရက်ဇ်တို့နဲ့အတူ တိုက်စစ်ကြောင်းမှာ တွဲဘက် ကစားရပါမယ်။

ရီးရဲလ်ဆိုစီဒက်စ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ရေး အားထုတ်လာနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က အမရာဘတ်ကို အရင်ခေါ်ယူပြီးမှ နယ်သာလန်သားကို လက်လွတ်မှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဘက်က ခံစစ်မှူး မက်ဂွဲရားအတွက် ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်ဘက်က ပယ်ချလိုက်ပါတယ်။

သောမက်စ် ပါတေး ဆက်နေဖွယ် ရှိနေခြင်းကြောင့် အာဆင်နယ်ဘက်က ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းက လာဗီယာကို ခေါ်ယူနိုင်ရေး ပေါင် ၄၅ သန်းတန် ကမ်းလှမ်းမှု လုပ်ထားပြီး ချယ်ဆီးကလည်း ကြားဝင် ကမ်းလှမ်းမယ့် အရိပ်အယောင် ပြသနေပါတယ်။