ဒီနွေဈေးကွက်မှာ ကစားသမားကောင်းတွေ ဆက်တိုက် ဝယ်ယူနေတဲ့ အာဆင်နယ်ဟာ လက်ရှိ အသင်းသား အများအပြားကို ရောင်းထုတ်ရဖို့ ရှိနေပြီး ပေပေ၊ ဟိုးဒင်း၊ တာဘာရိစ်၊ လိုကွန်ဂါ၊ အန်ကတ်တီရားတို့ဟာ အရောင်းစာရင်း တင်ခံရမှာ ဖြစ်ပါတယ်။

အမေရိကန် ခရီးစဉ်မှာ အသင်းသား ၂၉ ဦးထိ ခေါ်ယူသွားခဲ့သလို လူစာရင်း သိပ်ကြီးနေကြောင်း နည်းပြ အာတီတာက ဝန်ခံခဲ့တယ်။

အခုချိန်ထိ နွေဈေးကွက် ဖွင့်ထားဆဲ ကာလဖြစ်နေတာကြောင့် အချို့သော ကစားသမားတွေကို ရောင်းချရနိုင်ကြောင်း အာတီတာက ထုတ်ပြောလာခဲ့ပါတယ်။

“ ကျနော်တို့မှာ ကစားသမား ၃၀ လောက်ရှိနေတာက အဆင်မပြေပါဘူး။ ဈေးကွက်က ဖွင့်နေဆဲဆိုတော့ အပြောင်း အရွှေ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ကလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။

အသင်းမှာရှိနေတဲ့ အရည်အချင်းနဲ့ လူစာရင်းကို ကျနော်တို့ ပျော်ရွှင်ပါတယ်။ ပွဲတွေမှာ ကျနော်တို့ တိုးတက်လာလိုတဲ့ ကိစ္စတွေကို တိုးတက်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ ခြုံပြောရရင်တော့ အသင်းနဲ့ ပတ်သက်ပြီး ကျနော် ကျေနပ်ပါတယ် ” လို့ အာတီတာက ပြောပါတယ်။

အမေရိကန် ခရီးစဉ်မှာ အာဆင်နယ်ဟာ ကစားသမား ၂၉ ဦးထိ ခေါ်ယူသွားပေမယ့်လို့ ဒဏ်ရာလို အကြောင်းပြ ချက်တွေနဲ့အတူ ကစားသမား ၆ ဦးလောက်က လန်ဒန်မှာ ကျန်ရှိနေခဲ့ပါတယ်။ အမေရိကန် ဂိုးသမား မက်တန်နာက အမေရိကန်အသင်းကို ကိုယ်စားပြုထားခြင်းကြောင့် အားလပ်ရက် ရထားတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ဟာဗက်၊ တင်ဘာ၊ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမား အချို့ ခေါ်ယူနိုင်ရေးအတွက် လူစာရင်း ရှင်းထုတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။