မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့မနက်မှာ ခြေစမ်းပွဲအဖြစ် ဒေါ့မွန်ကို ယှဉ်ပြိုင်ရာမှာ ၂-၃ ဖြင့် အရေးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် နောက်ဆုံး ကစားခဲ့တဲ့ Wrexham၊ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ ခြေစမ်းပွဲ ၃ ပွဲ ဆက်တိုက် ရှုံးပွဲ ကြုံတာလည်း ဖြစ်သွားပါတယ်။

ဒီမနက် ဒေါ့မွန်နဲ့ ပွဲမှာ ယူနိုက်တက်က ဒုတိယပိုင်းမှာတော့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရင်ဆိုင်ရာမှာ ပါဝင်ခဲ့တဲ့ ဂနာချိုနဲ့ ဗာရန်းတို့ကတော့ ကြံ့ခိုင်မှု မပြည့်ဝလို့ မပါနိုင်ခဲ့ပါဘူး။ အဲ့ဒီ အစား တိုက်စစ်မှာ လူငယ်ကစားသမား ဖော်ဆန်နဲ့ ခံစစ်မှာ မက်ဂွဲရားတို့ ပါဝင်လာခဲ့ပါတယ်။

ဒီပွဲမှာ ဒါလော့က တိုက်စစ်လိုက်ပါချိန် ကွင်းလယ်ကို တက်ကစားခဲ့ပါတယ်။ အဖွင့်ဂိုးကို ဒါလော့ကပဲ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာပါ။

သိပ်မကြာခင် ယူနိုက်တက်ရဲ့ ဖော်ဆန်နဲ့ ဒေါ့မန်ရဲ့ အာဒယ်ရာမီတို့ ကွင်းတွင်း ထိပ်တိုက်တွေ့မှုမှာ နှစ်ယောက်လုံး အဝါကဒ်မိခဲ့ပြီး တန်ဟက်က ဖော်ဆန်ကို ချက်ခြင်းပဲ လူစားလဲခဲ့တယ်။ တန်ဟက်က သူ့စိတ်ကြိုက် အပြုအမှုမျိုး မဟုတ်ရင် သိပ်ပြီး အားမနာတတ်တဲ့ နည်းပြဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ဖရိုဖရဲ ကစားနေတာမို့ ပထမပိုင်း ပြီးခါနီးတွေမှာ ဒေါ့မွန်က ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ယူ သွားပါတယ်။ ဂိုးပေးရခြင်းအတွက် ယူနိုက်တက်ဘက်က ဂိုးသမား ဟီတန်နဲ့ ခံစစ်သမား ဝီလီယမ်တို့ ကွင်းထဲ တစ်ယောက်နဲ့တစ်ယောက် တင်းမာနေခဲ့ကြပါသေးတယ်။

ဒုတိယပိုင်း မှာ ဂိုးသမား အိုနာနာ ဝင် ကစားခဲ့ပါတယ်။ ပွဲ ပြန် စတင်လာပြီး သိပ်မကြာခင် ဧရိယာထိပ်နား ရှုပ်နေတဲ့ အခြေအနေက တစ်ဆင့် အန်တိုနီက ခြေပဂိုး ရယူပါတယ်။

မိနစ် ၆၀ လောက်မှာ ရက်ဖိုဒ့်၊ ကာဆီမီရိုတို့လို ကစားသမားတွေ ဝင်လာပါတယ်။ မိနစ် ၇၀ လောက်မှာတော့ ယူနိုက်တက် ခံစစ်ရဲ့ နားလည်မှု အလွဲတွေကနေ ဒေါ့မွန်ဘက်က တတိယ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အိုနာနာက ဘောလုံး တလွဲပေးခဲ့တဲ့ မက်ဂွဲရားကို ဒေါကန်ကန်နဲ့ အော်ဟစ်ခဲ့သေးပြီး ယူနိုက်တက် ဂိုးသမားတွေနဲ့ ခံစစ်သမားတွေကြား နားလည်မှု မပြည့်ဝခြင်းတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

တိုက်စစ်သမားတွေဖြစ်တဲ့ ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ နွမ်းနယ်နေသလို ဘစ်ဆာကာရဲ့ ခြေစွမ်းက တိုးတက်မလာပါဘူး။ ဒီပွဲမှာတော့ ယူနိုက်တက် အတွက် အကောင်းမြင်စရာထက် လိုအပ်ချက်တွေ ပိုများခဲ့ပါတယ်။