ချယ်ဆီး အသင်း ဟာ ပြင်သစ်ကလပ် ရေးနက်စ် အသင်းထံမှ ကွင်းလယ် လူငယ်ကြယ်ပွင့်လေး လက်စလေ အူဂိုချူကူ အား ပေါင် ၂၃.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။
အရပ် ၆ ပေ ၂ လက်မ တောင် ရှည်တဲ့ အူဂိုချူကူဟာ ကွင်းလယ်အဖျက်နဲ့ ကွင်းလယ် အတွင်းလူနေရာတွေမှာ ကစားသူဖြစ်ပါတယ်။ သူဟာ ကာယာ အားပြု ကြံ့ခိုင်တဲ့ ကွင်းလယ် ကစားသမား ဖြစ်ပြီး ပြိုင်ဘက်တွေကို တည်ငြိမ်စွာ တားဆီးနိုင်သူ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်သာ ရှိသေးတဲ့ကွင်းလယ် ကစားသမားလေးဟာ ဂန်းနား ဂန္တဝင်ကြီး ဖြစ်တဲ့ ပက်ထရစ် ဗီအဲရာ လက်သစ် အဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
အူဂိုချူကူ ကိုယ်တိုင်ကလည်း ဗီအဲရာကို ကြည့်ပြီး ငယ်တည်းက အားကျ နှစ်သက်ခဲ့ရကြောင်း အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောဆိုဖူးပါတယ်။
” ကျနော် ငယ်တုန်းက ဗီအဲရာ၊ ပေါ့ဘာတို့လို ကစားသမားတွေရဲ့ စကေးလ်တွေ YouTube ကနေ ကြည့်ခဲ့ရတာပါ။ သူတို့ ကစားပုံက ကျနော့်ကို အများကြီး အားကျစေခဲ့လို့ သူတို့ ပုံစံ လိုက်ကစားမိပါတယ်။ ” လို့ အူဂိုချူကူ က ဆိုခဲ့တာပါ။
အူဂိုချူကူဟာ ရေးနက်စ် မြို့မှာ မွေးပြီး ရေးနက်စ် အကယ်ဒမီကို အသက် ၈ နှစ်သားတည်းက ရောက်နေခဲ့သူပါ။ ငယ်ရွယ်ပြီး ပင်ကိုယ် ထူးချွန်မှုတွေ ရှိပေမယ့် ပရီးမီးယားလိဂ် အတွက်တော့ အသင့်သုံး အနေအထား မဟုတ်သေးတာကြောင့် အငှား ထွက်ကစားကာ အတွေ့အကြုံတွေ ရှာရဖွယ် ရှိပါတယ်။