မနေ့ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကတော့ ဒီတလော ခြေအကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် အတော် မြိုင်ဆိုင်ပြီး ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။
နှစ်သင်းလုံးဟာ အကောင်းဆုံး ကြံ့ခိုင်မှုတွေ မရောက်သေးပေမယ့် အတော်လေး ကစားနိုင်ကြပါတယ်။ ပထမပိုင်းမှာ မန်စီးတီးက နောက်တန်းကို မာမာထန်ထန်ထားပြီး ခံစစ်လိုင်းကနေ ကစားကွက် တည်ဆောက်ခဲ့သလို အာဆင်နယ်က ကောင်တာ ပုံစံမျိုးဖြင့် တုန့်ပြန်ခဲ့ပါတယ်။
မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု များပေမယ့် အခွင့်အရေး ဖန်တီးနိုင်စွမ်းမှာ အာဆင်နယ်က ပိုမို သာလွန်ခဲ့ပါတယ်။ ပထမပိုင်းကတော့ ဂိုးမရှိ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တယ်။
ဒုတိယပိုင်းမှာ မန်စီးတီးတို့ ပိုမို ဖိအားပေးလာနိုင်ပြီး ကစားပုံ တိုးတက်လာကာ အာဆင်နယ်က တိုက်စစ်ဆင်ရေးထက် ခံစစ်ကို အဓိက ကာကွယ်နေခဲ့ရပါတယ်။ ပွဲရဲ့ ဦးဆောင်ဂိုးကို ၇၇ မိနစ်မှာ စီးတီး လူငယ်ကြယ်ပွင့် ပါးမားက ဂိုးဧရိယာထိပ်ကနေ ရမ်းစ်ဒယ်ရဲ့ ထောင့်ဘက်ကို အကောင်းဆုံး ကန်သွင်း အဆုံးသတ်ခဲ့တာပါ။
မန်စီးတီး အနိုင်ဖြင့်ပဲ သိမ်းမလိုလို အခြေအနေမှာ ဧရိယာထဲကနေ ထရော့ဆက်ရဲ့ ပိတ်ချက် အခန်ဂျီနဲ့ထိမိပြီး လမ်းကြောင်းပြောင်း ကာ အာဆင်နယ်တို့ နာကျင် အချိန်ပို နောက်ဆုံးမိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဆင်နယ်က ဂိုး အားလုံး ဝင်ခဲ့ပြီး မန်စီးတီးဘက်က ဘာနာဒို ဆေးလ်ဗား တစ်လုံးသာ ဂိုးဝင်ခဲ့တာကြောင့် အနိုင်ရတဲ့ အသင်းက ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့ပါတယ်။
မန်ချက်စတာ စီးတီးအသင်း အတွက်တော့ ကွန်မြူနတီဒိုင်းပွဲ စံချိန်မှတ်တမ်းကို မချိုးဖျက်နိုင်ဘဲ အကြွေး ထပ် တင်ခဲ့ပါတယ်။
ဒီနှစ်ဟာ ပက် ဂွာဒီယိုလာ အသင်းရဲ့ ၃နှစ်ဆက်တိုက် ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့သလို ၂၀၂၁ တုန်းကလည်း လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အာဆင်နယ်ကို ပင်နယ်တီမှ အရေးနိမ့်ခဲ့ပြန်တာ ဖြစ်ပါတယ်။