ပရီးမီးယားလိဂ် ပြန် စတင်ခါနီးမှာ အသင်းကြီး နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့ကတော့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင် လှုပ်ရှားမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
လီဗာပူး ၂ကြိမ်တိုင် ကမ်းလှမ်းထားတဲ့ ဆောက်သမ်တန် ကွင်းလယ် ကစားသမား လာဗီယာ ကို ချယ်ဆီးက မနေ့ညကပဲ ပေါင် ၄၈ သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု ထ လုပ်လိုက်ပါတယ်။
အဲဒီနောက် ၂၄ နာရီတောင် မပြည့်သေးခင်မှာပဲ လီဗာပူးကလည်း ချယ်ဆီးရဲ့ ကွင်းလယ် ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ ဘရိုက်တန် ကစားသမား ကိုင်စီဒို အား ချယ်ဆီးထက် ပိုများတဲ့ ကမ်းလှမ်းမှု ပြုလုပ်လာပြီလို့ သိရပါတယ်။
လီဗာပူးအသင်း ဟာ ကိုင်စီဒို အတွက် ချယ်ဆီး နောက်ဆုံး ပေးခဲ့တဲ့ ပေါင် သန်း ၈၀ ထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရပြီး တရားဝင် တင်သွင်းမှု မလုပ်ရသေးပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ညှိနှိုင်း ကြိုးစားနေတာပါ။
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ကိုင်စီဒိုဟာ ချယ်ဆီးအသင်းထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတယ်လို့ သတင်းကြီးထားသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ချယ်ဆီးထံ ပြောင်းဖို့ကို ပိုမို အလေးပေးနေဆဲလို့ ယုံကြည်ရပါတယ်။
လာဗီယာ ကို ချယ်ဆီးက ဝင် ကမ်းလှမ်းခဲ့သလို ဒီကနေ့မှာ လီဗာပူးကလည်း ချယ်ဆီး ပစ်မှတ် ကိုင်စီဒိုကို ကြားဝင် ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ဘရိုက်တန်ဘက်က လက်ခံမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်မြောက်တဲ့ထိ ကြိုးစားဖွယ် ရှိပါတယ်။ ဘရိုက်တန်ဟာ ကိုင်စီဒိုအတွက် ပေါင် သန်း ၁၀၀ တောင်းဆိုထားတာ ဖြစ်ပါတယ်။
လီဗာပူးဟာ ဘရိုက်တန်နဲ့ ဆက်ဆံရေးကောင်း ရှိထားပြီး ဒီနွေမှာ ကိုင်စီဒိုရဲ့ တွဲဘက်ဟောင်း မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားသေးတာ ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းကလည်း ဒီညမှာတင် လာဗီယာ အတွက် ချယ်ဆီးရဲ့ ၄၈ သန်း ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။ စိန့်က လာဗီယာ အတွက် ပေါင် သန်း ၅၀ + ရချင်နေတယ်လို့ သိရပါတယ်။