မန်ယူ နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ၂၀၂၃-၂၄ ဘောလုံး ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးက အဓိက ရေပန်းစားပေမယ့် ၎င်းတို့နဲ့ အတူ စိန်ခေါ်နိုင်မယ့် ကလပ် ၂သ်း ရှိနေတယ်လို့ ယူဆနေပါတယ်။

အင်္ဂလန်ဘောလုံးလောကဟာ ဂွာဒီယိုလာရဲ့ အသင်း လွှမ်းမိုးခြင်း ခံထားရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း တစ်ကြိမ် ချန်ပီယံဖြစ်တာကလွဲလို့ မန်စီးတီးကပဲ ၅ ရာသီ ချန်ပီယံဖြစ်ထားတာပါ။ ဒီရာသီမှာပါ ချန်ပီယံဖြစ်ခဲ့ရင် ၄ ရာသီဆက် အမှတ်ပေးချန်ပီယံ အနိုင်ရခြင်း ဖြစ်လာပါမယ်။

နွေဈေးကွက်မှာ အင်အားဖြည့်မှုကြီးတွေ အများအပြား လုပ်လာခြင်း မရှိပေမယ့်လို့ မန်စီးတီးကို ဆုဖလား စိန်ခေါ်မယ့် အသင်းစာရင်းကနေ ဘယ်သူကမှ ဖယ်ထုတ်ထားမှာ မဟုတ်ပါဘူး။

ရာသီသစ်နဲ့ ပတ်သက်ပြီး ဖာဒီနန်က ‘ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိန်ခေါ်သူတွေ ဖြစ်လာ ပါလိမ့်မယ်။ မန်စီးတီးကို အနီးကပ် ယှဉ်ပြိုင်လာနိုင်သူတွေ ရှိမယ်ဆိုရင် ဒီနှစ်သင်းပဲ ဖြစ်မှာပါ။

မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ကွင်းတွင်း ကွင်းပြင်မှာ ခြားနားမှုတွေ ရှိနေဆဲ အသင်းတွေလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က လမ်းကြောင်းမှန်မှာ ရှိနေတာပါ။ အပြောင်းအရွှေ့မှ ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုက သိပ်ကို ပြတ်သားမှုရှိတာကို အားလုံး မြင်ကြမှာ ဖြစ်ပါတယ်။

ယူနိုက်တက်က လူစာရင်းအတွက် တိုးတက်စေမယ့် အလားအလာရှိ ကစားသမားကောင်း ၃ ဦးကို ခေါ်ယူထားသလို နောက်ထပ် တစ်ဦး ရောက်လာဦးမှာကို ကျနော်တို့ စောင့်နေပါတယ်။

အာဆင်နယ်ကလည်း ဈေးကွက်မှာ ကောင်းကောင်း လုပ်ထားနိုင်ပါတယ်။ ဒီနွေမှာ သူတို့ လူသစ် ခေါ်ယူထားတာ သိပ်ကောင်းတယ်။ ပွဲထွက်လူစာရင်းကိုပါ တိုးတက်စေမယ့် ကစားသမားကောင်း ၃ ဦးကို ရထားပါတယ်။

ဒါပေမယ့် မန်စီးတီးကို ကျော်ပြီး အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ ချန်ပီယံဖြစ်မယ်တော့ ဘယ်သူမှ ထင်ကြေးပေးကြမှာ မဟုတ်ပါဘူး။’ လို့ ရာသီကြို သုံးသပ် ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။