နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ ခြေစွမ်းအပေါ် နည်းပြအာတီတာက အတော်လေး ကျေနပ်နေပါတယ်။

ကလပ်စံချိန်တင်ကြေးဖြင့် အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ ရိုက်စ်ဟာ ရာသီစမှာတင် ကွင်းလယ်မှာ ခပ်မြန်မြန် အသားကျလာနေပြီး ခြေစွမ်းပြလာနေပါတယ်။

” သူက တကယ်ကို သက်သောင့်သက်သာ ကစားနိုင်တာဗျ ” ဆိုပြီး အာတီတာက နော်တင်ဟမ် ဖောရက်စ်ပွဲမှာ ကျေနပ်ဖွယ် ခြေစွမ်းတွေ ပြသခဲ့တဲ့ ဒီကလန်ရိုက်စ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

” ဖောရက်စ်ပွဲမှာ ခင်ဗျားတို့လည်း မြင်မှာပါ။ ပွဲအစ ၂ မိနစ်လား ၁၀ မိနစ်မှာလား ကျနော် သိပ်မမှတ်မိဘူး။ သူ့ရဲ့ ရွေ့လျားသွားမှု၊ ကွင်းထဲမှာ သူ့ရဲ့ ကွပ်ကဲမှုနဲ့ အဝတ်လဲခန်းတွင်း သူ့ရဲ့ ဘက်ပေါင်းစုံက ကူညီပေးမှုတွေအရ သူဟာ သူတာဝန်ယူထားမှုကို ကျေနပ်နေတယ် ကျနော် ထင်တယ်။

ဖောရက်စ်ပွဲမှာ သူက သွင်းဂိုး ၂ ဂိုးလောက်လည်း ရခဲ့သင့်တာ၊ သူကတော့ ဂိုးတွေအတွက် မစဉ်းစားပါဘူး။ အခြေအနေပေါ်မှာ တုန့်ပြန်ခဲ့တာပါပဲ။ သူရဲ့ ခြေစွမ်းကို ကျနော်တော့ ကျေနပ်မိပါတယ် ” လို့ အာတီတာက ဆက်ပြောခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ဖို့အတွက် ဒီကလန်ရိုက်စ်ထံက အများကြီး အကူအညီရမယ် မျှော်လင့်ရတာ ဖြစ်ပါတယ်။