မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား မေဆန်ဂရင်းဝုဒ် ကို အသင်းမှာ ဆက် ထားဖို့ မဖြစ်နိုင်တော့ တာကြောင့် ကစားသမားနဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ယူကာ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ သူ့ရဲ့ အနာဂတ်ကို အင်္ဂလန်ရဲ့ ဝေးရာဖြစ်တဲ့ ဆော်ဒီလိဂ်မှာ ပြန်လည် စတင်ဖွယ် ရှိနေတယ်။

အင်္ဂလန်သား နည်းပြ စတီဗင် ဂျရတ် ကိုင်တွယ်နေသလို လက်ရွေးစင် ကွင်းလယ်လူ ဟန်ဒါဆန်ရှိနေတဲ့ Al-Ettifaq အသင်းက ဂရင်းဝုဒ်ကို ခေါ်ယူရေး ခြေလှမ်းပြင်လာပါတယ်။

ဆော်ဒီကလပ်က ဂရင်းဝုဒ်ကို ယူနိုက်တက်မှာ ရနေတဲ့ လုပ်ခထက် ၃ ဆလောက် ပိုများမယ့် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိပေးကာ ခေါ်ယူလိုနေတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ ရိုးမားကလည်း အင်္ဂလန်တိုက်စစ်သမားကို အလိုရှိနေတယ် လို့ သတင်းထွက်လာနေပါတယ်။

၎င်း အသင်းတွေ အပြင် အင်တာမီလန်၊ အတ္တလန္တာနဲ့ မိုနာကို အသင်းတို့ကလည်း ဂရင်းဝုဒ် ကို စောင့်ကြည့်နေကြပါတယ်။

အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ချစ်သူ မိန်းကလေးအပေါ် အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီ ၂၀၂၂ တည်းက ယူနိုက်တက်ကနေ ဖယ်ထုတ်ခံထားခဲ့ရတာပါ။

ဒီနှစ် ဖေဖော်ဝါရီမှာ ဂရင်းဝုဒ်က အမှုတွေ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီး တရားရုံးဘက်ကလည်း ထင်ရှားတဲ့ သက်သေနဲ့ မျက်မြင်တွေ မရှိတာကြောင့် ဆက်လက် စစ်ဆေးမှု မပြုနိုင်တော့ပါဘူး။

ဂရင်းဝုဒ်ကို တန်ဟက်ရဲ့ အသင်းမှာ ပြန်ထည့်ဖို့ စီစဉ်ခဲ့ပေမယ့် ယူနိုက်တက် အမျိုးသမီးအသင်းက ကျေနပ်လက်ခံမှု မရှိတဲ့ အပြင် အသင်း ပရိသတ် အများစုကလည်း ဂရင်းဝုဒ် အပြုအမူ အပေါ် ပြန် လက်ခံပေးလိုခြင်း မရှိတဲ့နောက် အသင်းက လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့တာပါ။