အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ကစားစရာ အရုပ်တစ်ခုလို သဘောထားနေတယ် လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက မနေ့က အာဆင်နယ်နဲ့ ပွဲ အပြီးမှာ စိတ်ပျက်စွာ ပြောဆိုလာခဲ့တယ်။

အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တိုင်း မန်ချက်စတာ ယူနိုက်တက်ဟာ ဇယားအလယ်က အသင်းလောက်ပဲ ငွေ သုံးနေတာပါ။

ဒီနွေမှာလည်း FFP ကို အကြောင်းပြကာ အသာတင် အသုံးစရိတ် ပေါင် သန်း ၁၂၀ လောက်ပဲ ထုတ်သုံးခဲ့တယ်လို့ နဗီးက ယူဆထားပါတယ်။

‘ သူတို့အတွက် ကစားပွဲ တစ်ခုလောက်ပါပဲ၊ သူတို့က အသင်းကို ကစားစရာ အရုပ် တစ်ခုလို သဘောထားနေတာ ’ လို့ ဂယ်ရီနဗီးက အသင်းပိုင်ရှင် ဂလေဇာ မိသားစုအား ရည်ညွှန်းပြီး စိတ်ပျက်စွာ ပြောဆိုခဲ့တယ်။

‘ သူတို့က အသင်းကို ရောင်းဖို့လုပ်တယ်၊ သူတို့ ငွေလိုချင်တယ်လေ။ အပြောင်းအရွှေ့ အချိန် ရောက်လာတိုင်း ယူနိုက်တက်က ဇယား အလယ်က အသင်းလိုပါပဲ။

ကမ္ဘာပေါ်မှာ ဝင်ငွေ အများဆုံးရ ထိပ်တန်းအသင်းတွေထဲ ပါပေမယ့် ချယ်ဆီး၊ အာဆင်နယ်လို ငွေမသုံးနိုင်ပါဘူး။ ကျနော် ကတော့ ဒီအကြောင်း ဆက်ပြောနေဦးမှာ၊ ဒါက ပြဿနာကြီး ဖြစ်လာနေပြီဗျ ’ လို့ နဗီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အသင်းလိုအပ်နေတဲ့ နေရာတွေအတွက် ဈေးကွက် ပိတ်ရက်မှာ ရီဂွယ်လွန်၊ အမရာဘတ်တို့ကို အငှားဖြင့် ခေါ်ယူခဲ့တာ ကလွဲလို့ ယူနိုက်တက်က လုံလောက်တဲ့ အားဖြည့်မှု မရှိခဲ့ပါဘူး။ အပြောင်းအရွှေ့ ရောက်လာတိုင်း ပြိုင်ဘက်တွေလို ငွေမသုံးနိုင်ဘူးဖြစ်လာနေတယ်။