မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ အာဆင်နယ်ကို သူတို့ ရှုံးခဲ့ရတာ တာဟာ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
မနေ့ညက အာဆင်နယ် ၃-၁ နဲ့ နိုင်သွားတဲ့ ပွဲရဲ့ အလှည့်အပြောင်းက ပွဲပြီးခါနီးမှာ ဂါနာချိုရဲ့ သွင်းဂိုး လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခြင်းကြောင့်ဖြစ်ပါတယ်။
အဲဒီနောက် အချိန်ပို ၈ မိနစ်ကျော် အတွင်း အာဆင်နယ်က နောက်ထပ် ၂ ဂိုး သွင်းယူခဲ့ကာ နိုင်ပွဲ ယူသွြးတာ ဖြစ်ပါတယ်။
ပွဲအပြီး စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ နည်းပြတန်ဟက်က ဟွိုင်လန်းကို ခံစစ်မှူး ဂါဘရီရယ် ကျူးလွန်ခဲ့တဲ့ Foul ဟာ ယူနိုက်တက်တို့ ပင်နယ်တီ ရဖို့ ထိုက်တန်တယ် ဆိုတာ အပါအဝင် ဒိုင် ဆုံးဖြတ်ချက် အမှားတွေကို ဖော်ထုတ်ခဲ့ပါတယ်။
‘ ကျနော်တို့ ကစားတာ ကောင်းခဲ့ပေမယ့် အရာအားလုံးက ကျနော်တို့နဲ့ ဆန့်ကျင်ဘက်မှာ ရှိခဲ့တယ်။ ကံ နည်းနည်းလေး ကောင်းခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ရမှာပါ။
ဂနာချိုရဲ့ ဂိုးက လူမကျွံပါဘူး၊ ကင်မရာယူတဲ့ ရှုထောင့်က မှားနေတာပါ။ ဟွိုင်လန်းအပေါ် ဖောင်းတာက ပင်နယ်တီ ဖြစ်ရမှာပါ။ နောက်ပြီး ကျနော်တို့ ပေးလိုက်ရတဲ့ ဂိုးက အီဗန်ကို ဖောင်းလုပ်ပြီးမှ ယူသွားတာပါ။ ဒါတွေက သိသာတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ် ’ လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ဆက်တိုက်ဆိုသလို ထိပ်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။