အင်္ဂလိပ် သတင်းထောက် တစ်ဦးဖြစ်တဲ့ Raj Chohan ကတော့ အကောင်းဆုံးသော အစွန်လူ နေရာအတွက် တွစ်တာ ပရိသတ်တွေနဲ့ ဆွေးနွေးပြောဆိုမှုမှာ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း မာဆယ်လိုဟာ overrated ပါလို့ ထုတ်ပြောခဲ့ပါတယ်။

မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် အောင်မြင်ခြင်းကြောင့် အကောင်းဆုံး အစွန်လူအဖြစ် မှတ်ယူ ခံရပေမယ့် ထာဝရ အကောင်းဆုံး အစွန်လူ (၅) ဦး စာရင်းမှာ သူ့ကို ထည့်တောင် မတွက်သင့်ဘူးလို့ ဘီဘီစီ ဂျာနယ်လစ်က မှတ်ချက်ပေးခဲ့တယ်။

” မာဆယ်လိုဟာ မော်ဒန် ဘောလုံးလောကရဲ့ overrated အဖြစ်ဆုံး ကစားသမားပါပဲ။ ယေဘုယျအားဖြင့် ပြောရရင် သူဟာ ထရန့်၊ ကန်ဆယ်လို၊ ဇင်ချန်ကိုနဲ့ အခြား ခံစစ်မကောင်းပါဘူးလို့ ဝေဖန်ခံနေရတဲ့ အစွန်သမားတွေထက်ကို ခံစစ်ပိုင်းမှာ ဆိုးရွားပါတယ်။

သူ့ရဲ့ အကောင်းဆုံး အချိန်မှာတောင် ဂျော်ဒီ အယ်ဘာက ပိုကောင်းတဲ့ ခံစစ်မှူး ဖြစ်ခဲ့တာပါ။ ထာဝရ အကောင်းဆုံး အစွန်လူနေရာမှာ မာဆယ်လိုကို ထည့်ပြီးတောင် စကားမပြောသင့်တာပါ။ ရီးရဲလ်မက်ဒရစ် ဘာကာလောက် လိဂ်ဖလား မရတာလည်း သူ့ကြောင့်ပါပဲ ” လို့ ၎င်းက ပြောပါတယ်။

ထာဝရ အကောင်းဆုံး အစွန်လူတွေအဖြစ်တော့ အယ်ဘာ၊ အဲလ်ဗက်စ်၊ အလာဘာ၊ ဖီလစ်လမ်းနဲ့ အက်ရှလေကိုးလ် တို့ဖြစ်တယ်လို့ သူကပဲ ရွေးချယ်သွားခဲ့ပါတယ်။