ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ တင်းမာတဲ့ သဘောထားကြောင့် ယူနိုက်တက် အဝတ်လဲခန်း အတွင်းမှာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြဟောင်း မိုက်ဖီလန်က ဝန်ခံ စကားဆိုလာပါတယ်။

မိုက်ဖီလန်က ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမား ဘဝ ၂ ကြိမ်လုံး အသင်းမှာ ရှိခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ အကွဲအပြဲတွေနဲ့ မန်ချက်စတာကလပ်ကနေ ထွက်ခွာသွားခဲ့သူပါ။

” ဒုတိယ အကြိမ် ပြန်လာတော့ သူ (ရော်နယ်ဒို) က အသက် အများကြီး ကြီးသွားပြီ။ တစ်လမ်းသွား ခေါင်းမာတာတွေ ပို ရှိလာခဲ့တယ်။

သူ့မှာက မြင့်မားတဲ့ စံနှုန်းတွေ ရှိနေတယ်၊ အတူ လက်တွဲ အလုပ်လုပ်ရ အတော် ခက်သွားတယ်။ ဒါပေမယ့် ကျနော်ကတော့ သူ ပိုပြီး မာကျောတဲ့ စိတ်ဓာတ် ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်။

ဒါကို သဘောကျပါတယ်။ ဘာလို့လဲ ဆိုတော့ သူက သူ့ရဲ့ မြင့်တဲ့ စံနှုန်းတွေကို မလျှော့ချချင်ဘူးလေ။ အဲဒီတော့ သူက တခြားသူတွေရဲ့ စံနှုန်းတွေကိုလည်း တက်လာစေချင်တယ်။ ဒီတော့ တခါတလေ အဆင်မပြေမှုတွေ ရှိပြီး ကစားသမား တချို့ ဆုံးရှုံးရတာပေါ့။

သူ ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့တဲ့ အချိန်တချို့ကို ကျနော် မှတ်မိနေပါသေးတယ်။ သူ မျှော်လင့်သလို တုန့်ပြန်မှုမျိုး ပြန်မရလာဘူး ဆိုရင် ဒေါသတွေ ထွက်တော့တာပါပဲ။ ” လို့ မိုက်ဖီလန်က ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို က ၂၀၂၁ သြဂုတ်လမှ ယူနိုက်တက်ထံ တကျော့ပြန်လာခဲ့တာ ဖြစ်ပြီး ၂၄ ဂိုး သွင်းယူသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆော်ဒီကလပ် အယ်နက်ဆာ အသင်းမှာ အခြေကျ ကစားနေပြီ ဖြစ်ပါတယ်။