စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်ပြီးရင် အာဆင်နယ် နည်းပြ အာတီတာက နံပါတ် တစ် ဂိုးသမား နေရာကို ရမ်စ်ဒယ်အား ဆက် မထားဘဲ ဒေးဗစ်ယာယာကို အလှည့်ပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအကြောင်းကို အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က talkSPORT အစီအစဉ်မှာ သုံးသပ် ဆွေးနွေးရင်း အာတီတာ အား ထိုဆုံးဖြတ်ချက်ကို စဉ်းစားပါဦးလို့ တိုက်တွန်း သွားပါတယ်။

ရမ်စ်ဒယ်ဟာ လတ်တလောမှာ လက်ရွေးစင်အသင်း ဂိုးပေါက်ကို တာဝန်ယူခွင့် မရပေမယ့် အာဆင်နယ်မှာပါ နေရာမရရင်တော့ ပစ်ဖိုဒ့်ကို ကျော်ပြီး အင်္ဂလန်ရဲ့ အဓိက ဂိုးသမား ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ သတိပေး လိုက်ပါတယ်။

စကော့တလန်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ရမ်စ်ဒယ်ဟာ အင်္ဂလန်အသင်း ဂိုးသမားအဖြစ် ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

“ သူက နံပါတ် ၂ သမား ဖြစ်သွားသင့်သူ မဟုတ်ပါဘူး။ ကျနော်အတွက်တော့ ရမ်စ်ဒယ်က ပိုကောင်းပါတယ်။ ကလပ်အတွက် ပွဲထွက် မကစားရပါဘဲတော့ လက်ရွေးစင်အသင်းမှာ နံပါတ် တစ် နေရာကို မရနိုင်ပါဘူး။ ဂိုးသမား နေရာမှာ သူ အမြဲတမ်း ကစားနေရဖို့ လိုပါတယ် ” လို့ ဘန့်က သတိပေးခဲ့တယ်။

နည်းပြဆောက်ဂိတ်က ပစ်ဖိုဒ့်ကို ဦးစားပေးနေပေမယ့်လို့ ရမ်စ်ဒယ်ကလည်း အဲဗာတန် ဂိုးသမားလောက် အစစ အရာရာ ကောင်းမွန်တယ်လို့ ဒါရင်းဘန့်က မြင်ပါတယ်။

“ ရမ်စ်ဒယ်ကလည်း သူ့ရဲ့ ခြေထောက်နဲ့ ဘောလုံး ကစားနိုင်ပါတယ်။ သူလည်း ခြေထောက်နဲ့ ဘောလုံး ကစားရာမှာ ကောင်းမွန်သူပါ။ ဘောလုံးပေးနိုင်စွမ်းမှာ ပစ်ဖိုဒ့်လောက်ကို ကောင်းပါတယ် ” လို့ သူက သုံးသပ်ခဲ့သေးတာ ဖြစ်ပါတယ်။