အရင်ရက်က အင်္ဂလန်အသင်းက စကော့တလန်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာ ဂိုးသမား ရမ်စ်ဒယ်က ကိုယ့်ဂိုး ကိုယ် ပြန်သွင်းခဲ့တဲ့ အင်္ဂလန် နောက်ခံလူ ဟယ်ရီ မက်ဂွဲရားနဲ့ ပတ်သတ်တဲ့ သူ့ သဘောထားကို ထုတ်ပြောခဲ့ပါတယ်။
မက်ဂွဲရားဟာ အင်္ဂလန်အသင်းမှာ အတော်လေး ဝေဖန်ခံနေရသူဖြစ်ပြီး စကော့တလန်ပွဲမှာ အရန်ခုံက ထလာခဲ့ချိန်မှာလည်း OG သွင်းယူခဲ့မိတာပါ။ အင်္ဂလန်ပရိသတ်တွေထံက လှောင်ပြောင်မှုတွေ ဆက်တိုက်ရနေတဲ့ ခံစစ်မှူးအတွက် နည်းပြနဲ့ အသင်းဖော်တွေက ကာကွယ်ပေးလာခဲ့တာ ဖြစ်ပါတယ်။
” ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဟယ်ရီ က အတော်လေး ဝေဖန်ခံခဲ့ရတယ်။ အဲ့လို ဝေဖန်ခံရလို့ သူ့အပေါ် သက်ရောက်မှု မရှိပါဘူး။
အင်္ဂလန်အသင်းအတွက် သူ့ရဲ့ စွမ်းဆောင်ရည်က အမြဲတမ်း ကောင်းပါတယ်။ ဒါကြောင့်ပဲ လက်ရွေးစင်အသင်းမှာ သူ အမြဲတမ်း အရွေးခံရတာပါ။
ပရိသတ်တွေရဲ့ လှောင်ပြောင်မှုက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲ မရှိစေဘူး။ ကျနော်ရဲ့ ပထမဆုံး လက်ရွေးစင်ပွဲတုန်းကလည်း မက်ဂွဲရားကပဲ လက်တွဲ ခေါ်ယူခဲ့တာ။ တစ်ပွဲလုံး ကျနော်ကို ဖေးမပေးခဲ့တယ်။
ဒါကြောင့် မက်ဂွဲရားနဲ့ တွဲကစားရဖို့က တကယ့် အိပ်မက်ကြီး တစ်ခုပါပဲ။ ဂိုးပေးလိုက်ရတာက ကံမကောင်းလို့ပါ။ လူတွေက ဒီအကြောင်းကိုပဲ အသားပေး ပြောဆိုနေပေမယ့် အဲ့လို လုပ်နေကြဖို့ မလိုပါဘူး ” လို့ ရမ်စ်ဒယ်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ရမ်စ်ဒယ်ဟာ အာဆင်နယ်မှာ အဓိက ပွဲထွက် ဂိုးသမားအဖြစ် နေရာရနေပေမယ့် အင်္ဂလန်အသင်းမှာတော့ ပစ်ဖိုဒ့်နောက်မှာပဲ ရှိနေသူ ဖြစ်ပါတယ်။