နိုင်ငံတကာ သီတင်းပတ်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပါဝင်ရင်း အာဂျင်တီးနားအတွက် ခြေစွမ်းပြခဲ့တဲ့ အန်ဇို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ကြည့်ပြီး ဘောလုံးပရိသတ်တွေက နှမြောနေကြပါတယ်။
ချယ်ဆီး ကွင်းလယ် ကစားသမားဟာ ဘိုလီဗီယားအသင်းကို ၃-၀ ဖြင့် အနိုင်ရမှုမှာ သွင်းဂိုး ၁ ဂိုး ရယူခဲ့ပေမယ့် ကမ္ဘာ့ဖလား ချန်ပီယံ အန်ဇို ဟာ အခုချိန်ထိ ချယ်ဆီးအတွက် ဂိုးသွင်းနိုင်ခြင်း မရှိသေးပါဘူး။
ဇန်နဝါရီမှာ ချယ်ဆီးကို ပရီးမီးယားလိဂ် စံချိန်တင်ကြေး ပေါင် ၁၀၇ သန်းဖြင့် ရောက်လာခဲ့တဲ့ အန်ဇိုဟာ ကလပ်အဆင့်မှာတော့ သူတောက်ပသင့်သလောက် တောက်ပခွင့်မရဘူး ဖြစ်နေပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်မှာ မကစားရသလို နောက်ရာသီမှာပါ မကစားရရင် အန်ဇိုရဲ့ အရည်အချင်းတွေက နှမြောစရာ ဖြစ်လာမယ်လို့ ချယ်ဆီးပရိသတ်တွေက ထုတ်ဖော်ခဲ့ကြတယ်။
” ကျနော်တို့ အသင်းတစ်သင်း အမြန်မတွေ့ရင် ရီးရဲလ်၊ ပီအက်စ်ဂျီနဲ့ စီးတီးတို့က သူ့ကို ခေါ်ယူဖို့ ဝိုင်းလာတော့မှာပဲ။ ”
” ကျနော်တို့ အသင်းကောင်းတစ်သင်း အမြန်ဆုံး အထိုင်ကျလာဖို့ မျှော်လင့်တယ်။ အန်ဇိုလို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူကို ချယ်ဆီးမှာ ဆက်မမြင်ရရင် ကြေကွဲမိမှာပဲ။ ”
” ဒီရာသီပါ ချန်ပီယံလိဂ် ဆက်လွဲလို့ သူ အသင်းပြောင်းခွင့် မတောင်းရင် သိပ်အံ့ဩမိမှာပဲ။ ဥရောပပြိုင်ပွဲမှာ မကစားရဖို့အတွက်ဆိုရင် အန်ဇိုက ကောင်းလွန်းနေပါတယ်။ ” လို့ ချယ်ဆီးပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။