ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ အာဆင်နယ် ပွဲထုတ်လာတဲ့ ဂိုးသမား ဒေးဗစ်ရာယာ ကို ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ် အိုဝင်ကတော့အထင်ကြီး သဘောကျနေပြီး တကယ့် ထိပ်တန်း ဂိုးသမားလို့ ချီးကျူးသွားပါတယ်။
စပိန်သားဟာ ကနဦး အငှားနဲ့ ဒီရာသီမှ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက် ကစားခဲ့ကာ အထင်ကြီးဖွယ် စွမ်းဆောင်ပြခဲ့ပါတယ်။
တစ်ပွဲသာ အာဆင်နယ်နဲ့ ကစားရသေးပေမယ့် ရာယာ ရဲ့ စွမ်းဆောင်ရည်က အိုဝင် အပါအဝင် ဘောလုံး ပရိသတ်တွေကို ကြွေစေခဲ့ပါတယ်။
” ကျွန်တော်ဖြင့် သူ့ကို သဘောကျလိုက်တာဗျာ။ ရာယာ က တကယ့် ထိပ်တန်း အဆင့်ပဲ။ သူ့ကို ကျွန်တော် ဘရန့်ဖို့ဒ်မှာ စတွေ့တော့ ဘယ်သူမှ နားမထောင်ပေမယ့် ကျွန်တော် ပြောခဲ့သေးတယ်။ ဒီ ဂိုးသမားက ထိပ်တန်း အသင်း တစ်သင်းသင်းကို သွားရမှာ လို့။ သူက ပွဲအစ တစ်မိနစ်တည်းက စလို့ သိပ်ကောင်းခဲ့တာ။
ရမ်ဒယ်စ် အတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ သူလည်း ဘာအမှားမှ လုပ်မထားဘူး။ ဒါပေမယ့် ရုတ်တရက် ဆိုသလို သူ့နဲ့ နေရာချင်းလုမယ့် ကစားသမားက ဒီလို အစွမ်းတွေ ပြလိုက်တော့ သူ့နေရာက ဖိအား ဝင်သွားပါပြီ။
နှစ်ယောက်လုံးကတော့ အခွင့်အရေး မျှမျှတတ ရသင့်ပါတယ်။ ” လို့ အိုဝင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မီခေးလ် အာတီတာကလည်း ရာယာ ကို ရမ်ဒယ်စ်နဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ ဒီည ချန်ပီယံလိဂ် ပွဲမှာတော့ ဘယ်သူ ပွဲထွက်လာမလဲ မရှင်းလင်းသေးပါဘူး။