မေဂျာလိဂ်မှာ အခြေကျစ ပြုနေပြီ ဖြစ်တဲ့ ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ရာသီမှာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် ပြန်ရောက်လာတဲ့ အပေါ် ပီအက်စ်ဂျီပရိသတ်တွေ မကျေမနပ် ဖြစ်ကြကြောင်းနဲ့ သူ့ရဲ့ ခံစားချက်ကို ဖော်ထုတ် ပြောဆိုလာခဲ့ပါတယ်။
ကာတာမှာ ပြင်သစ်ကို အနိုင်ယူပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး ထိုသို့ ချန်ပီယံ ဖြစ်ရေးမှာ အဓိကကျခဲ့တဲ့ မက်ဆီဟာ ပြင်သစ်လိဂ်ထံ သူပြန်လာချိန်မှာတော့ ပီအက်စ်ဂျီ ပရိသတ်တွေထံက ခါးသီးတဲ့ ဆက်ဆံမှု တွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ကွင်းတွင်း လှောင်ပြောင်မှုတွေကို ရခဲ့သလို ဆက်ဆံရေး အဆင်မပြေတဲ့နောက် မက်ဆီဟာ ဒီနွေမှာ မေဂျာလိဂ်ကလပ် အင်တာမီယာမီ အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြီးနောက် ပြင်သစ်ပရိသတ်တွေနဲ့ ဆက်ဆံရေးအကြောင်း ပထမဆုံးအကြိမ် အဖြစ် မက်ဆီ ရင်ဖွင့်ရာမှာ
‘ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ ကျနော် မျှော်လင့်သလို မဟုတ်ပေမယ့် အကြောင်းရင်း တစ်ရပ်ကြောင့် ဒီလိုကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ ကျနော် ပီအက်စ်ဂျီ အတွက် ကောင်းကောင်း မလုပ်နိုင်ပေမယ့် နိုင်ငံအသင်းနဲ့ အတူ ကျ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတယ်။ အဲ့ဒီ အကြောင်းရင်းကြောင့် ဒီလို ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။
တကယ်တမ်းမှာ ကျနော်က အမ်ဘာပေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်၊ အဲ့ဒီက လူတိုင်းနဲ့လည်း ဆက်ဆံရေး ကောင်းထားခဲ့တယ်။ ဒါပေမယ့် ပီအက်စ်ဂျီ ပရိသတ်တွေ လှောင်ပြောင်ကြတာကို နားလည်ပေးလို့ ရပါတယ်။
ကျနော်က ကမ္ဘာ့ဖလား ဖိုင်နယ်မှာ သူတို့ရဲ့ လက်ရွေးစင် အသင်းကို ရင်ဆိုင် အနိုင်ယူခဲ့တာပါ။ ပြင်သစ်အသင်း နောက်တစ်ကြိမ် ချန်ပီယံ မဖြစ်တာက ကျနော်တို့ကြောင့် ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနား အသင်း တစ်ခုလုံးမှာ ကျနော်က ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှု မခံရတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ’ လို့ ဖွင့်ဟ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။