ဒီတပတ် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးအသင်းက ကာရာဘောင်း ဖလား တတိယအဆင့် ပွဲစဉ် အဖြစ် စိန့်ဂျိန်းပါ့ခ်သွားပြီး နယူးကာဆယ် အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လတ်တလော အသင်းမှာ ဒဏ်ရာ ရတွေ များပြားနေတာကြောင့် ကာရာဘောင်း ပွဲမှာ သူ့ ပုံမှန် ကစားသမားတွေကို စွန့်စား မသုံးဘူးလို့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက အသိပေးလိုက်ပါတယ်။
နယူးကာဆယ်ကလည်း မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ရှက်ဖီးကို ၈-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ခြေစွမ်းရော စိတ်ဓာတ်ပါ တက်ကြွနေတာပါ။
ဒါပေမယ့် ဂွာဒီယိုလာကတော့ ” ဒီရာသီ ပွဲကစားချိန် အများကြီး ရထားတဲ့ (အဓိက) ကစားသမားတွေက နယူးကာဆယ်နဲ့ ပွဲမှာ မကစားရပါဘူး။ ကာရာဘောင်း ဖလားက ပုံမှန် ပွဲကစားခွင့် မရတဲ့ ကစားသမားတွေ အတွက် ကောင်းမွန်တဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်တယ်။ ဒီပြိုင်ပွဲမှာ သူတို့ ပွဲကစားခွင့်တွေ ရမယ်၊ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။
ဒါပေမယ့် တခြားသူတွေ၊ အဓိက ကစားသမားတွေရဲ့ ခွန်အားကိုတော့ ၁ % တောင် ကာရာဘောင်းပွဲ အတွက် ကျွန်တော် မဖြုန်းတီးနိုင်ဘူး။
ကိုင်လီ (ဝေါ်ကာ)နဲ့ ရူဘန် တို့ ဆိုရင် ကျွန်တော်တို့ ကလပ် အတွက် မိနစ် ၉ဝ ပြည့် ကစားတယ်၊ နိုင်ငံအသင်းတွေ အတွက်လည်း မိနစ် ၉ဝ ပြည့်တွေ ကစားလာတယ်၊ သူတို့ အတော်ကို ခြေကုန် လက်ပန်း ကျနေပါပြီ။
ဒါကြောင့် ပွဲ ကစားဖို့ လိုနေတဲ့ သူတွေကိုပဲ ထည့် ကစားမယ်။ အကယ်ဒမီ က ကစားသမားတွေ၊ လိုအပ်ရင် ကျွန်တော် ပါ ဝင်ကစားတာပေါ့ဗျာ (ရယ်လျက်)။ ကျွန်တော့် နောက်ကျော ဒဏ်ရာကလည်း ပြန်ကောင်းနေပြီ၊ ဒီတော့ ကျွန်တော်လည်း နည်းနည်းပါးပါးတော့ ကစားနိုင်ပါတယ်။ ” လို့ ပက် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။