လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ကယ် အိုလီဗာ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဒိုင်တွေရဲ့ အရည်အသွေး များစွာ မေးခွန်းထုတ်ခံနေရချိန်မှာ ဂန်းနားတို့ ရလဒ်ကောင်းလေ့ မရှိတဲ့ ဒိုင်လူကြီး အိုလီဗာ ဒီပွဲ ကိုင်မှာက အာဆင်နယ်တို့ စိုးရိမ်စရာ ဖြစ်ပါတယ်။
အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အမှတ်ပေးဇယား ဦးဆောင်သူ နေရာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒီပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံနေရာ စိန်ခေါ်မယ့် အသင်းနှစ်သင်းကြား ဒုတိယအကြိမ် ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။
ဒီရာသီ အစက ကွန်မြူနတီဒိုင်းမှာ အာဆင်နယ်က မန်စီးတီးကို အနိုင်ရထားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲထပ်ရဖို့ ကြိုးစားမှာပါ။
အချက်အလက်တွေ အရတော့ မိုက်ကယ် အိုလီဗာဟာ အာဆင်နယ်ထက် မန်စီးတီးအတွက် ကံကောင်းခြင်းတွေ ပိုပေးတဲ့ ဒိုင်လူကြီးပဲ ဖြစ်ပါတယ်။
အိုလီဗာဟာ အာဆင်နယ်ပွဲ ၄၆ ပွဲကို ကိုင်တွယ်ထားပြီး အဆိုပါပွဲတွေထဲမှာ ဂန်းနားတို့ ၁၈ ပွဲပဲ နိုင်ခဲ့ကာ ၁၇ ပွဲက အရေးနိမ့်ထားတာပါ။ မနှစ်ကရာသီ အာဆင်နယ် vs မန်စီးတီးပွဲကိုလည်း အိုလီဗာကပဲ ကိုင်တွယ်ခဲ့ကာ အာဆင်နယ်တို့ ၄-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒိုင်လူကြီး အိုလီဗာဟာ မန်စီးတီးပွဲစဉ် ၄၃ ပွဲ ကိုင်တွယ်ထားရာမှာ ဂွာဒီယိုလာရဲ့ အသင်းက ၃၄ ပွဲထိကို အနိုင် ရထားခဲ့တာ ဖြစ်ပါတယ်။