မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ပွဲပေါင်း ၃၉၈ ပွဲ ကစားသွားဖူးတဲ့ ဝါရင့် ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်ကတော့ အိုနာနာရဲ့ ဂိုးဖမ်းပုံက လိုအပ်ချက်တွေ ရှိနေပြီး အမှားတွေ ထပ်ကာ ထပ်ကာ လုပ်မိနေကြောင်း သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

” ဂိုးသမား တစ်ယောက် ဆိုတာ ဘောလုံးနဲ့ အတူ ဘယ်လို ဒိုင်ဗင်ပစ်ပြီး ဖမ်းရမယ် ဆိုတာ သိထားရမယ်။ အဲဒီလို လက်ကို မြှောက်လိုက် ချလိုက် လုပ်ပြနေရုံ သက်သက် မရဘူး။

ဒီလို အမှားမျိုးကို ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာလည်း မြင်ခဲ့ရတယ်။ ဒါ အတူတူပဲ ဆိုတာ ကျွန်တော် သတိထားမိတယ်။ သူက ဘောလုံးဆီ တကယ် ဒိုက်ပစ် ဖမ်းဖို့ထက် လက်ကိုပဲ ဟန်ပြလောက် မြှောက်နေတော့တာ။ ” လို့ ပီတာ ရှမိုက်ကယ်က အားမလို အားမရစွာ ထောက်ပြသွားခဲ့ပါတယ်။

အိုနာနာက အခုလို လက်ကိုပဲ ဟန်ရေးပြတဲ့ နည်းကို ဘာလို့ သုံးနေတာလဲ လို့ ရှမိုက်ကယ် တစ်ယောက် ပြန်လှန် မေးခွန်း ထုတ်ခံခဲ့ရပြီး သရဲနီ ဂိုးသမားဟောင်းကြီးက ” ကျွန်တော့် လာ မမေးနဲ့လေ။ ကျွန်တော် အိုနာနာ မဟုတ်ဘူး၊ ဒီတော့ မသိဘူး။ ဒါက နည်းစနစ်ပိုင်း အလွဲအချော် တစ်ခုခုပဲ ဖြစ်မယ်။

ဖိအားတွေလည်း အများကြီး ရှိနေမယ် ထင်တယ်။ ဘိုင်ယန်နဲ့ ပွဲပြီးတုန်းက ကျွန်တော် သူနဲ့ စကားပြောဖြစ်တယ်။ ဂါလာတာစာရေးနဲ့ ပွဲပြီးတုန်းကရောပဲ။ သူက သူလုပ်ခဲ့တဲ့ အမှားတွေ အတွက် တော်တော်ကြီး စိတ်ပျက်နေတယ်။ မန်ချက်စတာ ယူနိုက်တက်က ဘယ်လို အသင်းမျိုးလဲ ဆိုတာနဲ့ ဘာတွေ လုပ်ရမလဲ ဆိုတာ သူ့ကို ကျွန်တော် ကြိုးစား ရှင်းပြခဲ့တယ်။

အခုကတော့ သူက တစ်သင်းလုံးကို စိတ်ပျက်စေခဲ့ပြီ။ အခုဆို ယူနိုက်တက် အသင်းသားတွေ က သူ့ကို ယုံမှာတောင် မဟုတ်တော့ဘူး။ ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ ” လို့လည်း သုံးသပ် ပြောဆိုခဲ့ပါတယ်။